ဆွီဒင်နိုင်ငံဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန် စစ်ရေးအကူအညီတွေကို ယူကရိန်းနိုင်ငံဆီ ပေးပို့မယ်လို့ ဆွီဒင်အစိုးရက မေ ၂၉ ရက်မှာ ပြောကြားလိုက်ပြီး ဒါဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် လောလောဆယ်မှာ အကြီးမားဆုံး စစ်ရေးအကူအညီလည်း ဖြစ်ပါတယ်။
ဒီအကူအညီဟာ ယူကရိန်းကို လေကြောင်းရန်ကနေ ကာကွယ်ပေးရာမှာ အားဖြည့်မှာ ဖြစ်ပြီး ဆွီဒင် ကာကွယ်ရေးကုမ္ပဏီ ဆာ့ဘ်က ထုတ်လုပ်တဲ့ လေကြောင်း ကင်းထောက်နဲ့ ထိန်းချုပ်ရေး စနစ်တွေပါမယ်လို့ ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပေါဂျွန်ဆင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပေါ်တူဂီ အစိုးရကလည်း ယူကရိန်းကို အမေရိကန်ဒေါ်လာ ၁၃၇ သန်းထက် မနည်းတဲ့ စစ်ရေးအကူအညီတွေ ပေးသွားမယ်လို့ မေ ၂၈ ရက်မှာ ပြောပါတယ်။
ပေါ်တူဂီနိုင်ငံ လစ်ဘွန်းမြို့ကို အလည်အပတ် ရောက်နေတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ပေါ်တူဂီဝန်ကြီးချုပ် လူးဝစ်မွန်တေနေဂရိုတို့ကြား လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်အရ ပေးတာလို့ ဆိုပါတယ်။
လာမယ့်ဆယ်နှစ်အတွက် လုံလောက်တဲ့ အပြန်အလှန် သဘောတူညီချက်တွေကို စပိန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေနဲ့လည်း တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ဇလန်းစကီးက အသီးသီး လက်မှတ်ရေးထိုးခဲ့ပါတယ်။
ယူကရိန်းကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုရှားနိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာ နေရာတွေကို ယူကရိန်းအနေနဲ့ ပြန်လည်ပစ်ခတ်ခွင့်ပြုသင့်တယ်လို့ ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင်တွေက မေ ၂၈ ရက်မှာ ပြောပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က “တကယ်တော့ ဒါဟာ တိုက်ပွဲအရှိန်မြှင့်တာ မဟုတ်ဘဲ ရုရှားကိုယ်တိုင်လုပ်ဆောင်တဲ့ နည်းလမ်းပါပဲ” လို့ ဂျာမနီနိုင်ငံ ဂရန်းဇီးမြို့ရှိ မေဆယ်ဘာ့ဂ်ရဲတိုက်မှာ ဂျာမနီအဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ရှို့လ်ဇ်ကလည်း မက်ခရွန်နဲ့ သဘောတူကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းနိုင်ငံဟာ အမေရိကန် အပါအဝင် လက်နက်ထောက်ပံ့တဲ့ နိုင်ငံတွေက ပေးအပ်ထားတဲ့ အခြေအနေတွေနဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားနေသရွေ့ သူ့ကိုယ်သူ ခုခံကာကွယ်ခွင့် ရှိကြောင်းလည်း ပြောဆိုပါတယ်။
ဥရောပရှိ NATO အဖွဲ့ဝင်တွေဟာ ရုရှားနိုင်ငံအတွင်းကို ပစ်ခတ်တိုက်ခိုက်ဖို့ ယူကရိန်းကို အနောက်တိုင်းမှ ပံ့ပိုးပေးတဲ့ လက်နက်တွေကို အသုံးပြုခွင့်ပေးဖို့ အဆိုပြုချက်ဟာ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခကို ဖြစ်စေနိုင်တယ် ဆိုပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က အဲဒီနေ့ အစောပိုင်းမှာ အနောက်နိုင်ငံတွေကို သတိပေးခဲ့ပါတယ်။
ရုရှားက လတ်တလောမှာ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မြို့ကို ကျူးကျော်စစ် ဆင်နွှဲနေလို့ ကမ္ဘာ့အာရုံစိုက်မှုက ဒန်ညက်စ်ဒေသထဲက တိုက်ပွဲကြီးတွေကနေ အာရုံလွဲသွားတယ်လို့ ယူကရိန်းသမ္မတဇလန်းစကီးက ပြောပါတယ်။
ရုရှဟာ ဒန်ညက်စ်ဒေသထဲက ဗျူဟာကျတဲ့ တောင်ကုန်းမြို့ ချာဆိဗ်ယာရ်ကို သိမ်းဖို့ အခုကြိုးစားနေပြီး တကယ်လို့ သိမ်းနိုင်ခဲ့ရင် ရုရှားတပ်တွေဟာ ဒန်ညက်စ်ဒေသ အတွင်း လက်ကျန်မြို့တွေကို ထိုးစစ်ဆင်ဖို့ ပိုလွယ်သွားမှာ ဖြစ်ပါတယ်။
ရုရှားဟာ ၂၀၂၂ ကျူးကျော်စစ် စချိန်က သုံးခဲ့တဲ့ စစ်သည်အင်အား ၉၀ ရာခိုင်နှုန်းအထိဆုံးရှုံးခဲ့ပြီး စစ်သည် ၃၁၅၀၀၀ လောက် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဒီဇင်ဘာလမှာ လျှို့ဝှက်အဆင့်ကနေ လျှော့ချလိုက်တဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာက ဖော်ပြပါတယ်။
အဆုံးအရှုံး များနေပေမဲ့အခုတော့ ရုရှားစစ်သည် ၅ သိန်းလောက် ယူကရိန်းနိုင်ငံထဲမှာ ရှိနေတယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေးဌာနက ခန့်မှန်းထားပါတယ်။
ရုရှားဟာ ထောင်တွေနဲ့ သာမန်ပြည်သူတွေကြားမှာ စစ်သည်အကြီးအကျယ် စုဆောင်းနေပြီး စစ်သည်အင်အား ဆက်လက် ဖြည့်တင်းနေဆဲပဲလို့ ဆိုပါတယ်။
ရုရှားဟာ နွေရာသီထိုးစစ်အတွက် နောက်ထပ် စစ်သည် အင်အား ၃ သိန်းကို ထပ်ဖြည့်ဖို့ စီစဉ်နေတယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။
စစ်သည်တွေ အများအပြား ထပ်ခေါ်ဖို့ မရှိဘူးလို့ ရုရှားကာကွယ်ရေး ဝန်ကြီးအသစ်က ဒီလထဲမှာ ပြောခဲ့သလို ရုရှားရဲ့ အဆုံးအရှုံးနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ခန့်မှန်းချက်က မတိကျဘူးလို့လည်း ရုရှားအရာရှိတွေက ပြောပါတယ်။
လက်ရှိ အင်အား ၈ သိန်းရှိတဲ့ ရုရှားလက်နက်ကိုင်တပ်ကို အားဖြည့်ဖို့ ကာလကြာရှည် ဆွေးနွေးငြင်းခုန်နေတဲ့ ဥပဒေကို ဇလန်းစကီးက လတ်တလောမှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။
ဧပြီလမှာ အတည်ပြုတဲ့ ဒီဥပဒေဟာ စစ်မှုထမ်းနိုင်တဲ့အသက်ကို ၂၇ နှစ်ကနေ ၂၅ နှစ်ထိ လျှော့ချခဲ့ပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်မှုထမ်းရတဲ့ လူသစ် ဘယ်လောက်များများ စုဆောင်းနိုင်မလဲ ဆိုတာနဲ့ လက်ရှိ ရှေ့တန်းမှာ သူတို့ကို ဘယ်လောက်မြန်မြန် တာဝန်ချထားနိုင်မလဲ ဆိုတာကိုတော့ အစိုးရက မပြောခဲ့ပါဘူး။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကတော့ ဇလန်းစကီးရဲ့ ၅ နှစ်သက်တမ်း ကျော်လွန်အပြီးမှာ ယူကရိန်းဟာ သမ္မတရွေးကောက်ပွဲ ကျင်းပသင့်ပြီလို့ မေ ၂၈ရက်က ပြောခဲ့ပါတယ်။
ယူကရိန်းမှာ လက်ရှိတခုတည်းသော တရားဝင် အာဏာပိုင်က လွှတ်တော်ဖြစ်ပြီး လွှတ်တော် ဥက္ကဋ္ဌကို အာဏာပေးသင့်တယ်လို့ ပူတင်က ပြောပါတယ်။
ဇလန်စကီနဲ့ ယူကရိန်းအစိုးရ မဟာမိတ်တွေကတော့ စစ်ပွဲကာလမှာ ရွေးကောက်ပွဲ မလုပ်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ယူဆထားကြပါတယ်။
Source/Photo - Reuters