ယူကေဝန်ကြီးချုပ် ရီရှီဆူနက် (Rishi Sunak) ဟာ ပြီးခဲ့တဲ့ မေလ ၂၂ ရက် ဗုဒ္ဓဟူးနေ့က ရွေးကောက်ပွဲ ကျင်းပတော့မယ့်နေ့ကို ကြေညာခဲ့ပါတယ်။ အဲဒီနေ့က လန်ဒန်မှာ မိုးတွေ ရွာစွေနေခဲ့ပါတယ်။ ကြေညာချက်ပြောနေတဲ့ ဆူနက်တောင် မိုးတွေ စိုနေခဲ့ပါတယ်။ “ခုတော့ ဗြိတိန်ဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ရွေးချယ်ဖို့အချိန် ဖြစ်ပါတယ်”လို့ ပြောပြီး လာမယ့် ရွေးကောက်ပွဲကို ဇူလိုင်လ ၄ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။
အတိုက်အခံ လေဘာပါတီကို ထောက်ခံတဲ့ Daily Mirror သတင်းစာကတော့ ရှေ့မျက်နှာဖုံးမှာ “ရေမှာနစ်ပြီး မျောခဲ့ပြီ” (Drown and Out) လို့ ရေးပါတယ်။ ဒီဝေါဟာရက ၁၉၉၇ ခုနှစ်များ လေဘာပါတီ မဲဆွယ်ကမ်ပိန်းတုန်းက မကြာခဏ ထုတ်သုံးခဲ့တဲ့ ဝေါဟာရပါ။ မစ္စတာဆူနက်ကတော့ အနာဂတ်အတွက် လေဘာပါတီကို အားကိုးယုံကြည်ဖွယ် မရှိပါဘူးလို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ရဲ့ မအောင်မြင်မှုကိုတော့ မပြောခဲ့ပါဘူး။ ဒီလို သူပြောရတာက လာမယ့် မဲဆွယ်ကမ်ပိန်းကာလ ၆ ပတ်အတွက် ဘာကို သူ အလေးထားပြောရမယ် ဆိုတာတော့ အရေးကြီးနေပါပြီ။
သူ့ရဲ့မှတ်ချက်တခုကတော့ ထူးထူးခြားခြား သတိပြုစရာပါ။ မစ္စတာဆူနက် ပြောတာက အခု ရွေးကောက်ပွဲကျင်းပမယ့်အချိန်က “ကမ္ဘာကြီးက စစ်အေးတိုက်ပွဲပြီးကတည်းက အထူးအန္တရာယ်တွေ ကြုံနေရတဲ့ကာလ” လို့ ဆိုပါတယ်။
ပူတင်က ယူကရိန်းမှာ စစ်ပွဲဆင်နေတာ မရပ်သေးပါဘူး။ အစ္စလာမ်အစွန်းရောက်ဝါဒ အရှေ့အလယ်ပိုင်းဒေသမှာ ထကြွနေပါတယ်။ တရုတ်နိုင်ငံက နည်းပညာတွေကို ခိုးယူ၊ ဦးဆောင်ပြီး ၂၁ ရာစုကို လွှမ်းမိုးချုပ်ကိုင်ဖို့ လုပ်နေတယ်။ မဲဆန္ဒရှင်တွေအဖို့ ရွေးချယ်စရာကတော့ ရှင်းလင်းနေပါတယ်။ ဆူနက် ပြောတာကတော့ ခက်ခဲတဲ့ ရွေးချယ်စရာတွေကို ဆုံးဖြတ်ခဲ့တဲ့ ဝန်ကြီးချုပ် သူပါပဲ။ အတိုက်အခံခေါင်းဆောင်ကတော့ ခက်ခဲတဲ့ ရွေးချယ်စရာတွေကို ရှောင်လွှဲခဲ့သူပါ။ [အခြားသတင်းတပုဒ်မှာတော့ ဆူနက်က သူသာ အရွေးချယ်ခံရရင် အသက် ၁၈နှစ် ပြည့်ပြီးသူတွေကို မဖြစ်မနေ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးမယ် ဆိုနေပါတယ်။ ၁၂ လ တာဝန် ဒါမှမဟုတ် တနှစ်မှာ လတလရဲ့ နောက်ဆုံးအပတ်တွေမှာ ကာကွယ်ရေးတာဝန် ထမ်းဆောင်ဖို့ပါ။ မဲတော့ရဦးမယ်]
လေဘာပါတီကို အဲသလို ပျော့ညံ့တဲ့ ပါတီတခု၊ ကာကွယ်ရေးမှာ ပျော့ညံ့သူအဖြစ် ပြောခဲ့တဲ့ မစ္စတာဆူနက်အတွက် ဘယ်လိုများ သာနေလို့ပါလဲ ဆိုတာတော့ ဆက်ကြည့်ရမှာပါ။ အတိုက်အခံခေါင်းဆောင် ကီယာစတာမာ (Keir Starmer) ကတော့ စစ်ရေးထက်စာရင် သူ့လေဘာပါတီထဲမှာ အရင်ခေါင်းဆောင် ဂျယ်ရမီ ကိုဘင်းရဲ့ ဩဇာလျှော့ချဖို့ ပိုလုပ်နေရတာပါ။ လေဘာပါတီရဲ့ ကာကွယ်ရေးကဏ္ဍ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ဟီလေး (John Healey) ကို လက်ရှိ ကာကွယ်ရေးအသိုက်အဝန်းက ကောင်းကောင်း လေးစားမှု ရှိနေကြပါတယ်။
ဆူနက်ကတော့ ကွန်ဆာဗေးတစ်တွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းသုံးစွဲမယ်လို့ ကြွားဝါနေပါတယ်။ “မျိုးဆက်တခုအတွင်းမှာ ကျနော်တို့နိုင်ငံ ကာကွယ်ရေးအတွက် အကောင်းဆုံး လုပ်ဆောင်ချက်ပါ” လို့ ဆိုပါတယ်။ ဒါပေမဲ့ မစ္စတာဟီလေး ထောက်ပြချက်က မှန်ပါတယ်။ ဒီကိန်းဂဏန်းက လက်တွေ့မဖြစ်သေးပါဘူး။ အခု ဆယ်စုနှစ်ကုန်တဲ့အခါမှ ပြည့်မြောက်အောင် မျှော်မှန်းထားချက်ပါ။ ပြီးခဲ့တဲ့ကာလ ၂၀၁၀ ပြည့်နှစ် လေဘာပါတီတုန်းက ကာကွယ်ရေး အသုံးစရိတ်က အခုထက်တောင် ပိုမြင့်မားတယ်လို့ ဆိုပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဆူနက် အနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုအဖြစ် ကာကွယ်ရေးကိစ္စကို အသည်းနှလုံးသဖွယ် ဗဟိုချက်မမှာ ထည့်သွင်းမှာပါ။ လူထုတွေအဖို့တော့ ပိုလို့စိတ်ဝင်စားမယ်လို့ နားလည်နိုင်တာပါ။ NHS က စောင့်နေရတဲ့ စာရင်းတွေနဲ့ အစိုးရကဏ္ဍက ကျော်ကြားမကောင်း သတင်းတွေပါ။ (အခု ရွေးကောက်ပွဲ မကြေညာခင်တုန်းက သတင်းစာမျက်နှာဖုံး သတင်းတွေက သွေးတွေမှာကူးစက်ပိုးတွေ ပါဝင်နေတဲ့ကိစ္စ၊ စာတိုက်ဌာနကိစ္စတွေပါ) ဒါပေမဲ့ ခေါင်းဆောင်တွေက ရေခဲတောင်ထိပ်ပိုင်းပေါ်နေတဲ့ အပိုင်းလေးက ပြဿနာတွေကို ရှောင်လွှဲဖို့ လိုချင်ကြပြီး စီးနင်းလိုက်ပါသူတွေ စိုးရိမ်ရအောင် တခြားကိစ္စတွေ ပြောပြချင်နေကြသူတွေပါ။
ခုကာလမှာ အနောက်နိုင်ငံတွေရဲ့ စစ်ရေးနဲ့ ထောက်လှမ်းရေးဌာနတွေမှာ ပြောဆိုနေကြတာက စိုးရိမ်စရာကောင်းနေတာ သိသာလှပါတယ်။ နေတိုးရဲ့ အဆင့်မြင့်ဆုံး စစ်အရာရှိ ရေတပ်ဗိုလ်ချုပ်ကြီး ရော့ဘ် ဘောဝါး (Admiral Rob Bauer) က မကြာသေးမီက လာမယ့်နှစ် ၂၀ အတွင်းမှာ ရုရှားနဲ့ ထိပ်တိုက် စစ်ဖြစ်ရကောင်းဖြစ်ရနိုင်တယ်လို့ သတိပေးပါတယ်။ အက်စတိုးနီးယား ဝန်ကြီးချုပ် ကာဂျာ ကာလားစ် (Kaja Kallas) ကတော့ ဒီစိုးရိမ်ချက်ကို ၃ နှစ်ကနေ ၅ နှစ်အတွင်းလို့ ဆိုပါတယ်။ ဆွီဒင်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မီခေးလ် ဘိုင်ဒင် (Micael Byden) ကတော့ ဆွီဒင်နိုင်ငံသားတွေကို “စစ်ပြင်ဖို့သင့်ပြီ” လို့ ပြောနေပါတယ်။ တနည်းတဖုံအရတော့ စစ်ပွဲက စနှင့်နေပါပြီ။ ရုရှားတွေနဲ့ တရုတ်တွေက ဗြိတိန်အပေါ်ကို သမားရိုးကျမဟုတ်တဲ့ တိုက်ခိုက်မှုတွေ စတင်ခြေလှမ်းနေပါပြီ။ ထောက်လှမ်းရေးကိစ္စတွေနဲ့ ဆိုင်ဘာ တိုက်ခိုက်မှုမျိုးတွေပါ။
ဆူနက်က နိုင်ငံရပ်ခြားက မသေချာ မရေရာမှုတွေက ပြည်တွင်းရေးကို ဘယ်လို ဆိုးကျိုးသက်ရောက်နိုင်တယ်ဆိုတာ ထပ်ဖြည့် ပြောပြနိုင်ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တာကြောင့် အခု စွမ်းအင်လောင်စာဈေးတွေ တက်နေပါပြီ။ ရုရှားနဲ့ တရုတ်တို့က ရှားပါတဲ့ ကမ္ဘာ့သတ္တုပစ္စည်းတွေ ထောက်ပို့လမ်းကြောင်းကို ထိန်းချုပ်လာခဲ့ရင် ကျနော်တို့ရဲ့ စမတ်ဖုန်းတွေ အားလုံးကို ဖြတ်တောက်ပစ်တော့မှာပါ။ တရုတ်က တိုင်ဝမ်ကို ကျူးကျော်ခဲ့ရင်တော့ ကမ္ဘာ့စီးပွားရေးကို ထိုးဆင်းသွားအောင် ဖြစ်စေနိုင်ပါတယ်။ အလယ်အလတ်စား ကုန်သွယ်နိုင်ငံတခုဖြစ်တဲ့ ဗြိတိန်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ မသေချာ မရေရာမှုတွေကနေ ပိုလို့ ဆုံးရှုံးဖို့ပဲ ရှိနိုင်ပါတယ်။
ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၃၀ ခုနှစ် အကုန်ကျရင် GDP ရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိမယ်လို့ ကတိကဝတ်ကိစ္စမှာ ဆူနက်က မှားပြောခဲ့ပေမဲ့ ဒါက ကမ္ဘာသစ်အတွက် စစ်ရေးပြင်ဆင်မှု အတွက် လုံလောက်ပါရဲ့လား။ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဗြိတိန်စစ်တပ်က နပိုလီယန် စစ်ပွဲတိုက်တဲ့ကာလ နောက်ပိုင်းမှာ ယှဉ်ကြည့်ရင် အသေးငယ်ဆုံး ဖြစ်နေပါတယ်။ တော်ဝင်ရေတပ်မတော်က သင်္ဘောသားတွေ လိုအပ်ချက် ရှိနေတာတော့ သင်္ဘောတွေကို ဖျက်သိမ်း ရပ်ဆိုင်းနေရပါတယ်။ ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲကြောင့်လည်း ဗြိတိန်ရဲ့ ကျည်ခဲယမ်း သိုလှောင်ထားမှု မလုံလောက်ဘူး၊ အချို့ပစ္စည်းတွေ လစ်ဟာနေတယ် ဆိုတာ ဖော်ပြနေပါတယ်။ ကာကွယ်ရေးအသုံးစရိတ်တွေကို အခုသုံးနေပုံကလည်း များသောအားဖြင့် ဆိုးရွားလှပါတယ်။ ပါတီစွဲကင်းတဲ့ ပြည်သူ့စာရင်းအင်းကော်မတီ (Public Accounts Committee) က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပစ္စည်းရယူ စုဆောင်းရေးစနစ်ဟာ ကျိုးပျက်နေတယ်လို့ ဝေဖန်ထားပါတယ်။ “အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေကို အကြိမ်ကြိမ် ဖြုန်းတီးပစ်နေတယ်” လို့ ဆိုခဲ့ပါတယ်။
ကျိုးကြောင်းဆီလျော် ငြင်းနေကြရင်တော့ ဆူနက်ရော၊ မစ္စတာစတာမာရောက ကာကွယ်ရေး အသုံးစရိတ်ကို GDP ရဲ့ အခု အကောင်းဆုံးအနေအထား ၂ ဒသမ ၅ ရာခိုင်နှုန်း ကနေ ၃ ရာခိုင်နှုန်း အထိ တိုးမြှင့်သင့်တယ်လို့ ငြင်းခုံကြမှာပါ။ ဒါပေမဲ့ သူတို့ အနည်းအကျဉ်းပဲ ရှင်းပြနိုင်တာက အခုလို ကာကွယ်ရေးအသုံးစရိတ်တွေ တိုးလိုက်ရင် လေးလံထိုင်းမှိုင်းနေတဲ့ ကာကွယ်ရေးအစု၊ တပ်ဖွဲ့တွေကို ဘယ်လို နိုးကြားလာအောင် လှုံ့ဆော်နိုင်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ရတဲ့ငွေကနေ ဘယ်လို အကောင်းဆုံး စွမ်းဆောင်ကြမလဲဆိုတဲ့ ကိစ္စပါ။
မိုးရေထဲက မိန့်ခွန်းမှာ မစ္စတာဆူနက် ပြောခဲ့တဲ့ ဆွေးနွေးငြင်းခုံချက်က ပိုလို့ အရေးတကြီးနိုင်ဖွယ် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုဝင်ဘာလ အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်သာ အနိုင်ရခဲ့ရင် ချက်ချင်းကြီး ပိုလို့ အန္တရာယ်ကြီးလာတော့မှာမို့ပါ။ ကျနော်တို့ သိထားတဲ့ကိစ္စက ထရမ့်က ပြောလေ့ရှိပါတယ်။ အမေရိကန်ကို သူ့ရဲ့ အရည်အချင်းမပြည့်မီတဲ့ မဟာမိတ်တွေက ခိုစီးနေကြတယ်၊ ဒီအိုင်ဒီယာကို သူ မုန်းကြောင်း သိသာပါတယ်။ ဒီလိုဆိုရင် ကြိုတင်မမျှော်လင့်ထားတဲ့ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။ အနည်းဆုံး ထရမ့်က နေတိုးမဟာမိတ်နိုင်ငံတွေ ကာကွယ်ရေးမှာ ပိုမိုအားထည့်ဖို့ မျှော်လင့်ထားနိုင်ပါတယ်။ အဆိုးဆုံးမှာတော့ သူက နေတိုးထဲကနေ အမေရိကကို ဆွဲထုတ်သွားမှာပါ။ ဒါဆိုရင် ပူတင်ရဲ့ အရှေ့ဥရောပကို ပိုလို့အားကြီးလာစေပြီး ဥရောပတခုလုံးက ဒုတိယကမ္ဘာစစ်လွန် ရင်ဆိုင်နေရတဲ့ ကာကွယ်ရေးပုံစံမျိုး ဖြစ်သွားနိုင်ပါတယ်။
မစ္စတာစတာမာက နိုးကြားလာပြီး လုံခြုံရေးကိစ္စကို ဆူနက်ကို ပြန်ဖိုက်ဖို့ မျှော်လင့်ထားကြပါစို့ရဲ့။ ဒီလို အငြင်းအခုံက ပြင်းထန်လာရင် လူထုတွေလည်း အလေးအနက် စဉ်းစားလာကြပြီး ကာကွယ်ရေးကို လက်တွေ့ကျကျ လုပ်ကြဖို့ မျှော်လင့်ထားကြပါစို့ရဲ့။ ငြိမ်းချမ်းရေးအသီးပွင့်တွေ ခံစားရတဲ့ခေတ်၊ ဒါမှမဟုတ် အမေရိကက ကမ္ဘာမှာ စီးပွားရေး၊ ယဉ်ကျေးမှု၊ စစ်ရေးအရ လွှမ်းမိုးထားနိုင်ရင် ကမ္ဘာ့အနောက်ခြမ်း ငြိမ်းချမ်းနေတဲ့ခေတ် (Pax Americana) ကလည်း ကုန်သွားခဲ့ပါပြီ။ နိုင်ငံခြားရေးမူဝါဒနဲ့ ကာကွယ်ရေး အသုံးစရိတ်ကိစ္စကို အခု ရွေးကောက်ပွဲမှာ ပိုပြီး အလေးပေးကြရတော့မှာပါ။ စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်ကတည်းက အနောက်ကမ္ဘာနိုင်ငံတွေရဲ့ ပြည်တွင်းနိုင်ငံရေးမှာ အရေးကြီးတဲ့ ခေါင်းစဉ်လည်း ဖြစ်လာနေပါတယ်။
Ref: “War is at the heart of the UK's summer election” - By Adrian Wooldridge
Bangkok Post. (May 26. 2024)
(Adrian Wooldridge သည် Bloomberg သတင်းစာ၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဏ္ဍ ဆောင်းပါးရှင်ဖြစ်ပြီး Economist ဂျာနယ်တွင်လည်း စာရေးသားခဲ့သူတဦး ဖြစ်သည်။ သူက “ပါရမီရှင်များ၏ မင်းမျိုးစိုးနွယ်စနစ်- ခေတ်သစ်ကမ္ဘာမှာ အရည်အချင်းရှိသူတွေ ဦးစားပေးရေးက ဘယ်လိုဖြစ်နေသလဲ” (The Aristocracy of Talent: How Meritocracy Made the Modern World) စာအုပ်ကို ရေးသားခဲ့သည်။)