အသစ်စက်စက် ရာထူးခန့်အပ်ခံထားရတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး တုန်းကျန်းဟာ စင်ကာပူနိုင်ငံကို မေ ၃၀ ရက်မှာ ရောက်လာပြီး စင်ကာပူကာကွယ်ရေးဝန်ကြီး နန်အိန်ဟန်းနဲ့ တွေ့ဆုံပါတယ်။
စင်ကာပူမှာ အိမ်ရှင်အဖြစ် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ရှန်ဂရီလာဒိုင်ယာလော့ခ် ကာကွယ်ရေး ထိပ်သီးညီလာခံမတိုင်ခင် တရက်အလိုမှာ တွေ့ဆုံခဲ့တာပါ။
၂၀၀၂ ခုနှစ်က စတင်ကျင်းပတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ခ် ထိပ်သီးညီလာခံမှာ ကမ္ဘာတဝန်းက ထိပ်တန်း စစ်ဘက်ခေါင်းဆောင်တွေ သံတမန်တွေနဲ့ လက်နက်ထုတ်လုပ်သူတွေ တက်ရောက်လေ့ ရှိပါတယ်။
တုန်းကျန်းဟာ အဲဒီညီလာခံမှာ မိန့်ခွန်းပြောမှာဖြစ်ပြီး တခြားနိုင်ငံတွေက ကိုယ်စားလှယ် ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
တရုတ်-အမေရိကန် အင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှု အေးဆေးပြေလျော့အောင် အားထုတ်တဲ့အနေနဲ့ ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးအတွင်း တုန်းကျန်းဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်နဲ့လည်း တွေ့ဖို့ စီစဉ်ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်ဝမ်ကျွန်းပတ်လည်မှာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ မျှတတဲ့ လုပ်ရပ်ဖြစ်ပြီး ထိုင်ဝမ်က လွတ်လပ်ရေးအတွက် ရန်စတာတွေ ဆက်လုပ်ရင် တရုတ်က စစ်ရေးအရ အရေးယူသွားမယ်လို့ တရုတ်ပြည်မကြီးအစိုးရ ထိုင်ဝမ်ရေးရာရုံးက မေ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဗုံးကြဲလေယာဉ်တွေနဲ့ အသွင်ယူ တိုက်ခိုက် လေ့ကျင့်တာတွေ၊ ကမ်းတက်ရေယာဉ်တွေနဲ့ လေ့ကျင့်တာတွေ အပါအဝင် ထိုင်ဝမ်ကျွန်းပတ်လည်မှာ စစ်စွမ်းရည်ပြတဲ့ ၂ ရက်တာ စစ်ရေးလေ့ကျင့်မှုကတော့ ပြီးသွားပါပြီ။
ဒါဟာ စစ်ပွဲစတာထက်စာရင် ဝါဒဖြန့် ခြိမ်းခြောက်မှုတရပ်သာ ဖြစ်တယ်လို့ ထိုင်ဝမ်အစိုးရက ပြောပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က သူ့ပိုင်နက်အဖြစ် ရှုမြင်ပြီး သူ့ထိန်းချုပ်မှုအောက် ပြန်ထားဖို့ အင်အားသုံးမယ့် နည်းလမ်းကို ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ကတော့ တရုတ်ရဲ့ အချုပ်အခြာ အခိုင်အမာ ပြောဆိုချက်ကို ပယ်ချပြီး ထိုင်ဝမ်ပြည်သူတွေသာလျှင် သူတို့အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောပါတယ်။
တရုတ်ပြည်မကြီးအစိုးရနဲ့ ဆွေးနွေးဖို့ကိုလည်း ထပ်ခါတလဲလဲ ကမ်းလှမ်းပေမဲ့ တရုတ်က ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။
ပြန်လည်ပေါင်းစည်းရေးမှာ စနစ်မတူတာက အတားအဆီးမဟုတ်ပါဘူး၊ ခွဲထွက်ဖို့ ဆင်ခြေကသာ အတားအဆီးပါလို့ တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံး ပြောခွင့်ရ ကျူးဖှုန့်လျန်က ပြောခဲ့ပါတယ်။