မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံဘက်ကို သွားဖို့ ယာယီတပတ်ခံကတ် (အစိမ်းရောင်ကတ်) ပြုလုပ်ရာမှာ ပွဲစားတွေနဲ့ လုပ်ရင် ငွေကျပ် ၁၀ သိန်းကနေ ၂၅ သိန်းထိ ပေါက်ဈေးရှိနေတယ်လို့ မူဆယ်ဒေသခံတွေထံက သိရပါတယ်။
တဖက်နိုင်ငံကိုထွက်ဖို့ အသုံးပြုတဲ့နေရာမှာ ဒေသခံတွေဆို တနှစ်ခံ အနီရောင်စာအုပ် လုပ်ရပြီး ဒေသခံမဟုတ်သူတွေဆို တပတ်ခံ အစိမ်းရောင်ကတ်ကို ပြုလုပ်ရတာ ဖြစ်ပါတယ်။
လက်ရှိမှာ မူဆယ်ဘက်ကနေ တရုတ်ပြည်ဘက် ထွက်ခွာတဲ့ လူငယ်တွေ အရမ်းကိုများပြားနေတဲ့အတွက် အစိမ်းရောင်ကတ်နဲ့ ထွက်တဲ့သူတွေကို မြန်မာဘက်ဂိတ်ပေါက် တာဝန်ရှိသူတွေက တင်းကျပ်စစ်ဆေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တပတ်ခံ အစိမ်းရောင်ကတ်ကို အမြန်ရဖို့ ပွဲစားတွေနဲ့ လုပ်တာမှာ ကျပ်သိန်းဆယ်နဲ့ချီ ပေးပြီး လုပ်နေကြရတာလို့ မူဆယ်ဒေသခံက DVB ကိုပြောပါတယ်။
“အစိမ်းကတ်တွေလေ ဗမာပြည်ထဲက လာတယ်၊ တခြားနယ်က လာတယ်၊ တရုတ်ပြည်ထဲကို အလုပ်လုပ်ကြဖို့ လာတာ။ သူတို့တွေ အရမ်းဒုက္ခရောက်တယ်။ အစိမ်းကတ်တွေကို သူတို့အနေနဲ့ အများကြီး မသွင်းချင်တာလည်း ပါမယ်လို့ ထင်တယ်။ သူတို့ပေါ်လစီအရ၊ နောက်တခုကကျတော့ အစိမ်းကတ်တွေက ဝင်သွားပြီးရင် ပြန်မထွက်လာကြဘူး။ တရုတ်ပြည်ရဲ့ ရွာတွေမှာ အလုပ်လုပ်နေကြတာ၊ လူငယ်တွေပဲ။ အဲဒီအစိမ်းကတ်ကို ရဖို့တောင်မှ ဒီကလူတွေက သိန်း အစိတ်လောက်ကုန်တာတွေ ရှိတယ်။”
လတ်တလော မူဆယ်ဘက်ကနေ တရုတ်ပြည် ကြယ်ခေါင်ရွှေလီဘက် သွားရောက် လုပ်ကိုင်ကြသူတွေများပြီး အများစုက ရန်ကုန်နဲ့ အထက်အညာဒေသက လူငယ်တွေ များတယ်လို့ သိရပါတယ်။
ပုံမှန်ဆို ဒေသခံအများစုကတော့ တပတ်ခံကတ် သုံးပြီး ၆ ညအိပ် ၇ ရက် ပြည့်တာနဲ့ မြန်မာပြည်ထဲ ပြန်ဝင်လာကြတာ ဖြစ်ပါတယ်။ တခြားဒေသက လူငယ်တွေကတော့ ပြည်ပထွက်ရဖို့ကို ငွေကြေးအကုန်အကျခံပြီး ယာယီ တပတ်ခံကတ်တွေကို ငွေသိန်း ဆယ်ချီပေးပြီး လုပ်နေကြတယ်လို့ ဒေသခံ ကုန်သည်တဦးက ပြောပါတယ်။
“တခြား မူဆယ် နမ့်ခမ်းက မဟုတ်တဲ့ တခြားနယ်ကသူတွေဆို သူတို့က ကတ်အစိမ်းပဲ ရတယ်။ တပတ်ကတ်ပေါ့ တခါသုံးပဲ။ အဲဒီကတ် ရတယ်၊ အဲဒီအခါကျ ပွဲစားတွေနဲ့ ချိတ်ပြီးတော့မှ တချို့တလေ ကျနော် သိရသလောက် သိန်း ၂၀ လောက် ၂၀ ကျော်တောင်မှ ပေးရတာတွေ ရှိတယ် လာတာရှိတယ်။ သူကတော့ ပွဲစားပေါ်မူတည်ပြီးတော့ အစားစား ဖြစ်နေတယ်။ သိန်း အစိတ်နဲ့ လုပ်ပြီး ဝင်သွားတာလည်း ရှိတယ်။”
သတ်မှတ်ထားတဲ့ စာအုပ်နှစ်မျိုးစလုံးက တရုတ်ပြည်ဘက်ကို ယာယီအလည်အပတ်သာ သွားရောက်ခွင့် ရှိတာဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့် မပြုထားပေမဲ့ လူငယ်တွေကတော့ အလုပ်လုပ်ဖို့ အတွက် အများဆုံး သွားရောက်ကြတာဖြစ်ပါတယ်။
တရားမဝင်နေထိုင်ပြီး ခွင့်ပြုမထားဘဲ အလုပ် လုပ်ကိုင်နေတာကိုတွေ့ရင်လည်း တရုတ်ဘက် မြန်မာနိုင်ငံထဲ မူဆယ်ဘက်အခြမ်းကို ပြန်ပို့တာဖြစ်ပါတယ်။
မြန်မာပြည်ကို ပြန်ပို့ခံရတဲ့ လူငယ်တွေကတော့ တရုတ်ပြည်ထဲ ပြန်ဝင်ပြီး အလုပ် လုပ်ကိုင်ခွင့်ရတော့မှာ မဟုတ်ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဝေဝေ