Home
နိုင်ငံတကာ
ထိုင်းတွင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ အတုလုပ်သည့် တရုတ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီး
DVB
·
May 30, 2024
Source: AMARINTV / PHOTO-Nation

ထိုင်းနိုင်ငံမှာ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့အတုလုပ်တဲ့ တရုတ်ဂိုဏ်းခေါင်းဆောင် တဦးနဲ့  ဥရောပတိုက်မှာ နေထိုင်ခွင့်ဗီဇာရရေး ထိုင်းနိုင်ငံသားတွေကို စာရွက်စာတမ်းအတု လုပ်ပေးနေတဲ့ ထိုင်းနိုင်ငံသားတချို့ကို ဖမ်းဆီးခဲ့တယ်လို့  ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲတပ်ဖွဲ့က မေ ၂၉ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ တရားမဝင်လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ စုံစမ်းထောက်လှမ်းနေရာမှာ ပတ်စပို့အတုလုပ်လုပ်တဲ့ အသက် ၅၂ နှစ်ရွယ် ဆူရီရမ် နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်သူ မစ္စတာချင်  (၅၂ နှစ် )ကို ဘန်ကောက် ဆာထွဏ်းနယ်မြေ မဟာမေ့ခ်ရပ်ကွက် ဆွန်ဖလူးလမ်းရှိ ကွန်ဒိုတိုက်ခန်းတခုမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းလဝက ရဲချုပ် ဖန်းထန နုချ်နတ်က ပြောပါတယ်။

သူဟာ နိုင်ငံခြားသား အထူးသဖြင့် တရုတ်နိုင်ငံက ဝရမ်းပြေးတွေကို တရုတ်ပတ်စ်ပို့ အတုလုပ်ပေးပြီး ထိုင်းနိုင်ငံနဲ့တကွ တခြားနိုင်ငံတွေမှာ တိမ်းရှောင်ဖို့ ဆောင်ရွက်ပေးခဲ့တယ်၊ သူ့အခန်းထဲမှာလည်း  ထိုင်းယာဉ်မောင်းလိုင်စင်၊ ထိုင်းဘဏ်မှာ ဖွင့်ထားတဲ့ ငွေစုလက်မှတ်နဲ့ စာရွက်စာတမ်းအတုအထောက်အထားတွေ တွေ့ရှိခဲ့တယ်၊ အဆိုပါ စာရွက်စာတမ်းအတုတွေကို MR.CHUN ဆိုသူ ထိုင်ဝမ်နိုင်ငံသားက လုပ်ဆောင်တာလို့ ဆိုပေမဲ့ သူ့ရဲ့ပုံမှာ မစ္စတာချင်နဲ့ ဆင်တူနေတာကြောင့် ထိုင်းရဲတွေက ထိုင်ဝမ်ကတာဝန်ရှိသူတွေကို စစ်ဆေးစေခဲ့တာမှာ အဲဒီနာမည်နဲ့ ပတ်စပို့ကိုင်သူမရှိဘူးလို့ ဆိုပါတယ်။

ဆက်လက်ပြီး တရုတ်နိုင်ငံက ရဲတွေဆီ ပို့ပေးရာမှာတော့ ဆူရီရမ် မှတ်ပုံတင်ကိုင်ဆောင်သူ မစ္စတာချင်နဲ့ ထိုင်ဝမ်မှတ်ပုံတင်ကိုင်သူ မစ္စတာချွန်မှာ တဦးတည်းဖြစ်ပြီး သူဟာ တရုတ်နိုင်ငံမှာ စာရွက်စာတမ်းတုပမှုကျူးလွန်လို့ ဖမ်းဝရမ်းထုတ်ခံထားရကာ ပြည်ပမှာ တခြားနိုင်ငံသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ပြစ်မှုတွေ ဆက်လက်ကျူးလွန်နေတာကို စစ်ဆေးတွေ့ရှိပါတယ်။

ဒါ့အပြင် လဝကရဲတပ်ဖွဲ့ဝင်တွေဟာ ကြိုတင်ထောက်လှမ်းစုံစမ်းချက်အရ ပြည်ပထွက် ဖို့လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အခကြေးငွေယူပြီး တုပထုတ်လုပ်ပေးနေတဲ့ ထိုင်းခရီး သွားကုမ္ပဏီ၊ ဗီဇာဝန်ဆောင်မှုအေးဂျင့်တွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာဖော်ပြပါ တယ်။ 

ထိုင်းနိုင်ငံသားတချို့ဟာ ဥရောပနိုင်ငံကို သွားရောက်နေထိုင်လည်ပတ်ဖို့ ဗီဇာလာ တောင်းတယ်၊ ဒါပေမဲ့ ဗီဇာတောင်းဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတချို့  အလုပ်လုပ်ခွင့်ပါမစ်၊ ဘဏ်စာအုပ်၊ ငွေပမာဏအပြသက်သေ စတာတွေမှာ မသင်္ကာစရာတွေ တွေ့ရှိနေလို့ အဆိုပါသံရုံးတွေက ဗီဇာ ထုတ်မပေးဘဲ ထိုင်းလဝကရဲကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့်  လိုအပ်သလို စုံစမ်းထောက်လှမ်းပြီး နေရာ ၃ ခုကို သွားရောက်ဖမ်းဆီး အရေးယူခဲ့တယ်။  အဆိုပါနေရာ ၃ ခုမှာ ဘန်ကောက်အနီး နွန်ထပူရီခရိုင်၊ ပါတ်ကလစ်မြို့နယ်ရှိ ကွန်ဒိုတိုက်ခန်းမှ  အသက် ၄၉ နှစ်ရွယ် နိုင်းနခွန်းဆိုသူ ထိုင်း ၁ ဦးကို ဘဏ်စာအုပ်အတု၊ နိုင်ငံကူးလက်မှတ်အတု ၂၃ အုပ်နဲ့အတူ ဖမ်းမိခဲ့တယ်၊ သူကတော့ နောက်ပွဲစား ၁ ဦးကို ၁ စုံ ဘတ် ၅၀၀၀ ပေးပြီးလုပ်ခိုင်းတာလို့ ပြောပါတယ်။

ဒါ့အပြင် ဘန်ကောက်၊ ဆိုင်မိုင်နယ်မြေရှိ ထန်းယဥဒုမ်း Travel ကုမ္ပဏီမှာဖြစ်ပြီး ဘဏ်ငွေစာရင်းအတု၊ တခြားကုမ္ပဏီထောက်ခံစာအမျိုးမျိုးနဲ့ ဌာဆိုင်ရာတံဆိပ်တုံးတု စသဖြင့် သက်သေ ၂၇ မျိုးကို ကုမ္ပဏီပိုင်ရှင် နန်းထန်းယနား ( ၄၀ နှစ် )နဲ့အတူ ဖမ်းဆီးရမိတယ်။ 

နောက်ထပ်တနေရာမှာ ထိုင်းအရှေ့မြောက်ပိုင်း ဥဒွန်းဌာနီခရိုင် ဥဒွန်းဌာနီမြို့က Visa and Tour အေးဂျင်း တခုဖြစ်ပြီး ကုမ္ပဏီတံဆိပ်တုံး၊ ဘဏ်ငွေစုစာအုပ်အတုတွေပါ ဖမ်းမိခဲ့တယ်၊ ပိုင်ရှင်ဖြစ်သူ နန်းဆောင် နာ့ဖတ်ချား ( ၄၈ နှစ် )က အဲဒီအတုတွေ သူတို့လုပ်တာမဟုတ်ဘဲ ပွဲစားတွေကို ဘတ်ငွေ ၅၀၀၀ မှ ၇၀၀၀ ထိပေးပြီး လုပ်ခိုင်းတာလို့ ဝန်ခံထားပါတယ်။ 

ထိုင်း လဝကရဲတပ်ဖွဲ့က သူတို့အားလုံးကို စာရွက်စာတမ်းတုပမှု၊ လိမ်လည်မှု၊ လဝကဥပဒေတွေနဲ့ အမှုဖွင့် အရေးယူသွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံသားတချို့ အထူးသဖြင့် နယ်ကလာတဲ့သူတွေဟာ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ချင်ပေမဲ့ ဘာသာစကားအခက်အခဲ၊ ကြန့်ကြာမှုတွေ၊ အဆက်အသွယ်မရှိတာတွေကြောင့် ကုမ္ပဏီတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ မရိုးသားသောကုမ္ပဏီအချို့ကြောင့် နစ်နာမှုတွေ ဖြစ်နေရတာပါ။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013