ရှမ်းပြည်နယ်တောင်ပိုင်းရှိ တိုင်းရင်းသူ အမျိုးသမီးတွေအပေါ် စစ်ကောင်စီတပ်သားတွေက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပိုမိုများလာတယ်လို့ ဒေသခံ အမျိုးသမီးတွေထံက သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသူအမျိုးသမီးတွေ ခရီးသွားလာရာမှာ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားတွေက အမိန့်အရဆိုပြီး လိင်ပိုင်းဆိုင်ရာ စစ်ဆေးမေးမြန်းမှု၊ ထိပါးနှောင့်ယှက်မှု၊ အသက်အန္တရာယ်ခြိမ်းခြောက်မှု၊ ခွဲခြားဆက်ဆံခံရမှုလုပ်တာတွေ ကြုံတွေ့နေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူ အမျိုးသမီးတွေက ပြောပါတယ်။
ကိုယ်တိုင်ကြုံတွေ့ရသူ ပင်လောင်းမြို့နယ်နေ အမျိုးသမီးတဦးက “ကျမက ပင်လောင်းကနေ တောင်ကြီးတက်လာတာ၊ အောင်ပန်းဂိတ်မှာ ကျမအိတ်တွေကို စစ်တယ်၊ ကျမကိုစစ်တယ်။ ရဲမေ စစ်မေ တယောက်မှမပါဘူး။ လူကိုလည်း ဟိုကိုင် ဒီကိုင် စစ်တယ်။ ပြီးရင် အိတ်ထဲ ကျမရဲ့အတွင်းပစ္စည်း ယူထုတ်ပြီး ဒါက မင်းဟာတွေလားဆိုပြီး မေးပြီး ခရီးသွားတွေရှေ့မှာ ဖြန့်လိုက်တယ်။ လူအများကြီးပဲ၊ ကျမဆို ကြောက်ကြောက်နဲ့ ရှက်ပြီး သေတောင် သေချင်မိတယ်။ ကျမရှေ့က အမျိုးသားဆို စစ်တာ ၁၅ မိနစ်တောင် မကြာဘူး။ သူတို့ ကျမကိုစစ်တာ ၁ နာရီကျော်ကြာတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်ကလည်း ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်အမျိုးသမီးတဦးကို စစ်ကောင်စီတပ်သားတဦးက လက်ပစ်ဗုံးပြ၊ ဦးခေါင်းကို သေနတ်ထောက် ချိန်ရွယ် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။
ကိုယ်တိုင်ကြုံတွေ့သူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက “ဟိုအရင်က ဒီလိုဖြစ်စဉ်မျိုး ကြားဖူးတယ်၊ ဗမာစစ်သားတွေ ရွာထဲဝင်ပြီဆို ရွာတွေမီးရှို့ မိန်းမပျိုလေးတွေကို ဖျတ်ဆီးတာကို ကြားပဲကြားဖူးတာ။ ဒီလောက် ဆိုးဆိုးဝါးဝါး ဖြစ်မယ်မထင်ဘူး။ ခု ကိုယ်တိုင်ကြုံရမှ ငရဲကျနေသလို။ ကြောက်လည်း ကြောက်မိတယ်။ ကိုယ်က ကံကောင်းလို့ လွတ်မြောက်တယ်။ ခုထိလည်း ကြောက်နေတုန်းပဲ” လို့ ပြောပါတယ်။
အခုလိုဖြစ်စဉ်ဟာ မြေပြင်မှာ အခုထက်ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုင်းရင်းသား အမျိုးသမီးတွေ ကြုံတွေ့ခံစားနေကြရတယ်လို့ ပြောပါတယ်။
အခုလို ကြုံတွေ့ရပေမဲ့ ဘယ်နေရာမှ တိုင်ကြားလို့မရတဲ့ အခြေအနေကြောင့် ကြောက်စိတ်၊ စိုးရိမ်စိတ်နဲ့သာ ငြိမ်နေရပြီး အခုအရေးအခင်းကြီး ပြီးသွားခဲ့ရင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် ဥပဒေတရပ် ရေးဆွဲနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ ရှမ်းတောင်ရှိ တိုင်းရင်းသား အမျိုးသမီးတွေက ပြောပါတယ်။