Home
မြန်မာသတင်း
ဖားဆောင်းနှင့်ဖာပွန်ရှိ လက်ကျန်စစ်စခန်းများကို အပြီးသိမ်းရန် တော်လှန်ရေးအင်အားစုများ ကြိုးပမ်း
DVB
·
May 30, 2024

ကရင်နီပြည်နယ် ဖားဆောင်းမြို့ကို သိမ်းနိုင်ဖို့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့ကိုဝန်းရံပိတ်ဆို့ထားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

ဖားဆောင်းအခြေစိုက် ခမရ ၁၃၄ နဲ့ ခမရ ၁၃၅ တပ်ရင်းတွေ ကျန်နေပြီး ၂၀၂၄ ဖေဖော်ဝါရီက စပြီး အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကရင်နီတော်လှန်ရေးတပ်တွေက ကြိုးပမ်းနေတာပါ။

ဖားဆောင်းက စခန်းတွေမကျဖို့  စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းကပါ အပြင်းအထန် ပစ်ကူပေးနေပြီး ကရင်နီပူးပေါင်းတပ်တွေက မြေပြင်ကို ထိန်းချုပ်ထားတဲ့ အတွက် ရိက္ခာနဲ့လက်နက်ခဲယမ်းတွေကိုပါ ရဟတ်ယာဉ်နဲ့ ပို့နေရကာ ပြီးခဲ့တဲ့မေ ၆ ရက်က လည်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစင်းကို ပစ်ချနိုင်ခဲ့ပါတယ်။

ဖားဆောင်းက စစ်ကောင်စီစခန်းတွေကို သိမ်းနိုင်ဖို့ တိုက်ခိုက်မှုတွေ ဆက်လုပ်နေပြီး ပိတ်ဆို့မှု တွေလည်း လုပ်နေကာ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သား ၅၀ ကျော်ကိုပါ ဖမ်းမိခဲ့တယ်လို့လည်း KNDF တပ်မှူး မာဝီက ပြောပါတယ်။

“ဖားဆောင်းမှာ ကျန်နေတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို ဆက်ပြီး တိုက်နေဆဲဖြစ်ပါတယ်။ သူတို့ က တပ်စခန်းထဲမှာ ကျန်နေပြီးတော့ ကျနော်တို့က ဝိုင်းဝန်းပိတ်ဆို့ထားပါတယ်။ တလောက ဖားဆောင်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ နီးပါးကို သုတ်သင်ရှင်းလင်းနိုင်ပြီး ငါးဆယ်ကျော် ဖမ်းမိတယ်၊ လက်နက်တွေလည်း သိမ်းမိတယ်။”

စစ်ကောင်စီတပ်တွေကို လက်နက်ချဖို့ ပြောဆို တိုက်တွန်းထားပြီး လက်နက်မချခဲ့ရင်တော့ ရှိတဲ့အားနဲ့ အပြီးသိမ်းနိုင်ဖို့ လုပ်သွားမယ်လို့လည်း  KNDFတပ်မှူး မာဝီက  ပြောပါတယ်။

ဖားဆောင်းက မြို့ခံပြည်သူတွေကို တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ဓားစာခံလုပ်ထားခဲ့ပြီး လေကြောင်းကနေ ဗုံးကြဲတာကြောင့် မြို့ပေါ်ရပ်ကွက်တွေက လူနေအိမ်တွေ ပျက်စီးခဲ့ရပါတယ်။

ကရင်နီတော်လှန်ရေးတပ်တွေက သံလွင်မြစ်အရှေ့ဘက်ကမ်းက ရှားတောနဲ့ မယ်စဲ့ မြို့နယ်တွေ ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး ဖားဆောင်းကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာပါ။ 

ကရင်ပြည်နယ် ဖာပွန်မြို့အခြေစိုက် တပ်ရင်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်ရှိနေတဲ့ ဗျူဟာနဲ့ တပ်ရင်းတွေကို ဝိုင်းပတ်ပိတ်ဆို့ထားကာ အပြီးသပ်တိုက်ခိုက် သိမ်းပိုက်သွားမယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။ 

ဧပြီ ၂၄ ရက်က ဖာပွန်မြို့အခြေစိုက် ခမရ  ၄၃၄ တပ်ရင်းကို  KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်း ပိုက်ခဲ့သလို  ခလရ ၁၉ အပါအဝင် တပ်ရင်း ၂ ခုကို အပြီးသပ် သိမ်းပိုက် ရရှိထားပါတယ်။ 

ဆက်လက်ပြီး ခမရ ၃၄၀၊ ခမရ ၃၄၁ နဲ့ ဗျူဟာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ဝိုင်းဝန်းပိတ်ဆို့ထားပါတယ်။

တော်လှန်ရေးအင်အားစု တာဝန်ရှိသူက “ခလရ ၁၉၊ ၆၄၂ ဗျူဟာ ၃၄၀ တပ်ရင်းက ထွက်ပြေး လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခမရ ၃၄၁ တပ်ရင်းမှာ စုစည်းပြီး လက်ကျန် အင်အားတွေနဲ့ စုဖွဲ့တောင့်ခံထားတဲ့ အနေအထားရှိတယ်။ ပြီးတော့ ဝေဟင်ကနေပြီးတော့ ဂျက်ဖိုက်တာ ၂ စင်းက နေ့တိုင်း ဗုံးကြဲပြီး ကာကွယ်ပေးနေတယ်။ အပြီးတိုင်တိုက်ခိုက်လို့မရသေးတဲ့ သဘော။ ဖာပွန်တိုက်ပွဲကို အဆုံးတိုင်အပြီးသပ် တိုက်ခိုက် သိမ်းပိုက်သွားမယ်” လို့ ပြောပါတယ်။

ဖာပွန်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်းကြီးငယ် ၂၀ နီးပါး တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့တာကြောင့် ဖာပွန်မြို့ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။ 

ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းမကျရေး စစ်ကောင်စီက လေကြောင်းကနေ နေ့တိုင်းလိုလို့ ဗုံးကြဲတိုက်ခိုက်တာကြောင့် မြို့တွင်းနဲ့ အနီးအနားကျေးရွာက သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ ဘားအံ၊ ကမမောင်း၊ မြိုင်ကြီးငူ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းနဲ့ နီးစပ်ရာဆွေမျိုးတွေရှိရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

တော်လှန်ရေးအင်အားစု တာဝန်ရှိသူတဦးက “နောက်ပိတ်ဆုံးရောက်လာတဲ့ အသုတ်က  စစ်ဘေးရှောင်တွေ တော်တော်များများ ဒုက္ခရောက်ကျတယ်။  ကျနော် အသိမိတ်ဆွေဆိုရင် သူမှာ ဘာမှမရှိတော့ဘူး၊ အဝတ်တထည် ကိုယ်တခုနဲ့လာတယ်။ ဖာပွန်က အိမ်လည်းမီးလောင်၊  သူမိန်းမလည်း ဒဏ်ရ၊ မြေးတွေလည်း ဒဏ်ရာရနဲ့ အတော်ဒုက္ခရောက်တယ်။  လက်ရှိတော့ စစ်ရှောင်တွေကို အိမ်တွေချပေးတာတော့ မရှိဘူး” လို့ ပြောပါတယ်။

မတ် ၃၁ ရက်မှာ  စစ်တပ်က လေကြောင်းကနေ စစ်ရှောင်ပြည်သူ ၂၀၀ နီးပါးရောက်ရှိခိုလှုံနေတဲ့  ဖာပွန်မြို့၊ အမှတ် ၂ ရပ်ကွက် ရွှေကျောင်းဘုန်းကြီး ကျောင်းကို ဗုံး  ၄ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့တဲ့အပြင် လေကြောင်းကနေ ဗုံးသီး ၁၀၀ ကျော်ကြဲချခဲ့ပါတယ်။ 

ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်နဲ့ ဦးဇင်းတပါးအပါအဝင် ၈ ယောက်သေဆုံးပြီး ၁၅ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ 

တပ်မဟာ ၅ နယ်မြေအတွင်း မေ ၁ ရက်ကစပြီး  ၁၅ ရက်အထိ တိုက်ပွဲပေါင်း ၄၆ ကြိမ်ဖြစ် ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၇ ယောက်သေဆုံးကာ ၇ ယောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ထားပါတယ်။ 

မြတ်ကြီး /အောင်ခန့် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013