မြန်မာပြည်တွင်းမှာ ရွှေဈေး အတက်ကြမ်းနေတာကြောင့် ရွှေအရောင်းအဝယ်တွေ ရပ်တန့်နေတယ်လို့ ရွှေဈေးကွက် အတွင်းက သိရပါတယ်။
မေ ၂၉ ရက် မနေ့က ရွှေတကျပ်သားကို ၅,၅၅၀,၀၀၀ နဲ့ ဈေးပိတ်ခဲ့ပြီး ဒီနေ့ မေ ၃၀ ရက်မှာ ၅၈ သိန်းကျော်ထိ ထိုးတက်လာတာကြောင့် ရန်ကုန်နဲ့ မန္တလေးရှိ ရွှေဆိုင်အများစုက အခေါက်ရွှေ အရောင်းကို ရပ်တန့်လိုက်ထားကြပါတယ်။
ရွှေလုပ်ငန်းရှင်တဦးက “ဈေးနှုန်းကတော့ သိန်း ၆၀ လို့တောင် ပြောနေကြတာပေါ့နော်။ ရွှေဆိုင်တွေလည်း အရောင်းပိတ်ထားကြပါတယ်။ ဘယ်သူမှ မရောင်းကြတော့ပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီး စစ်ဆေးခံရမှာကို စိုးရိမ်ပြီး ရွှေလုပ်ငန်းရှင် အများစုကလည်း ထွက်ပြေး တိမ်းရှောင်နေကြတာကြောင့် ဈေးကွက်ပေါက်ဈေးလည်း မဖွင့်နိုင်ဘူးလို့ သိရပါတယ်။
ရွှေလုပ်ငန်းရှင်တဦးက “များများစားစားလုပ်တဲ့သူတွေ အကုန်လုံးနီးပါးက ရှောင်နေကြတယ်။ ဈေးကွက်ထဲ မလာကြတော့ဘူး ဥပမာ ခရီးထွက်နေလိုက်တာမျိုးပေါ့၊ ဖမ်းမှာကြောက်လို့ ကြိုရှောင်ကြတဲ့ သဘောပါ။ အရောင်းအဝယ်လည်း မရှိသလောက်ပါပဲ။ အပြင်မှာ ကြိုက်ရောင်း ကြိုက်ဝယ် လောက် နည်းနည်းပါးပါးပဲရှိပါတယ်၊ ဈေးကွက် မရှိတော့ပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ ပြင်ပဈေးကွက်မှာ ရွှေနဲ့ ငွေဈေးကစားသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ မကြာခဏ ထုတ်ပြန်သတိပေးနေပေမဲ့ ရွှေနဲ့ ဒေါ်လာဈေးက တောက်လျှောက် ထိုးတက်လာရာကနေ လက်ရှိမှာ အရောင်းအဝယ် ရပ်တန့်ထားရတဲ့ အခြေအနေထိ ဖြစ်ပေါ်လာတာပါ။
ရန်ကုန်ရွှေအသင်းရဲ့ မေ ၂၉ ရက် ဈေးနှုန်းသတ်မှတ်ချက်ကတော့ အခေါက်ရွှေ တကျပ်သားကို ငွေကျပ် ၃,၉၉၈,၈၀၀ သာ သတ်မှတ်ထားပြီး ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ ငွေကျပ် ၁၈ သိန်းကျော် ကွာဟချက်ရှိနေပါတယ်။