တိုက်ပွဲတွေနဲ့ နိုင်ငံရေး တင်းမာနေတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းရာမှာ တရားမျှတမှု၊ ရေရှည် ငြိမ်းချမ်း တည်ငြိမ်ရေးတွေကို ဆောင်ကြဉ်းရာမှာ ကူညီနိုင်ဖို့ တရုတ်ဟာ အာရပ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်မြို့ ပေကျင်းမှာ ကျင်းပတဲ့ တရုတ်နဲ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မှာ မေ ၃၀ ရက်က ပြောလိုက်ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ စံနမူနာပြအနေနဲ့ အာရပ်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို အားဖြည့်ဖို့ တရုတ်က ကြိုးစားနေပါတယ်လို့လည်း ရှီက ဖိုရမ်အတွင်း ပြောတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုပါတယ်။
ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရာမှာ ၂ နိုင်ငံ အဖြေရှာရေးကို ခိုင်ခိုင်မြဲမြဲ ကိုင်စွဲသင့်တယ်လို့ ရှီက ပြောပါတယ်။
တရုတ်ဟာ အပြည့်အဝ လွတ်လပ်ပြီး အချုပ်အခြာပိုင်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကို ခိုင်ခိုင်မာမာ ပံ့ပိုးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဖိုရမ်အတွင်း ဝန်ကြီးများအဆင့် ညီလာခံမှာ အဲဒီနေ့မှာပဲ ပြောပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု၊ ဂျော်ဒန်၊ အီရတ်၊ ယီမင်၊ မော်ရိုကိုနဲ့ ပါကစ္စတန် နိုင်ငံတို့က ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ ညီလာခံအတွင်းမှာ ပူးပေါင်းဆောင်ရွက်ရေး နက်နက်ရှိုင်းရှိုင်း အားဖြည့်ဖို့ကိုလည်း ဝမ်ယိက ဆော်ဩခဲ့ပါတယ်။
ဂါဇာက လက်ရှိအခြေအနေဟာ ဆက်ပြီး ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့လည်း ဝမ်က ပြောပါတယ်။
ပါလက်စတိုင်းနိုင်ငံကို ကုလသမဂ္ဂ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာစေဖို့ တရုတ်က ထောက်ပံ့သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြန်လည်ပေါင်းစည်းရေး ဖြစ်အောင်လုပ်ဖို့ ပိုကြီးကြီးမားမား ထည့်ဝင်နိုင်ရေး တရုတ်က လိုလားတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source-Reuters