ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်ကို စစ်ရေးအရ ထိုးစစ်ဆင်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။
ဖားဆောင်းမြို့ကို မေ ၄ ရက်ကတည်းက စတင်ပြီး KNDF၊ ကလလတ၊ ဖားဆောင်း PDF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်နေတာပါ။
KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူတဦးက “လက်ရှိတော့ စစ်ကောင်စီက ခြေကုပ်ယူထားတဲ့ ကာကင်းစခန်း ၂ ခု ရှိသေးတယ်။ သူတို့အခြေစိုက်တပ်ရင်း ၂ ရင်း ရှိသေးတယ်။ ဒါတွေကို ကျနော်တို့ တော်လှန်ရေးတပ်တွေဘက်က ဆက်တိုက် ထိုးစစ်ဆင်တာတွေ လုပ်နေတယ်။ ဒီရက်ပိုင်းထဲမှာတော့ ထိတွေ့မှုက ကြိုးကြားကြိုးကြားပဲ ရှိတယ်။ တခြား မစ်ရှင်တွေလည်း ဆက်တိုက်လုပ်နေပါတယ်။ လက်ရှိ စစ်ရေးအခြေအနေဆိုရင် စောင့်ကြည့်ပြီး လုပ်သင့်တာတွေကို လုပ်နေပါတယ်” လို့ DVB ကို ပြောပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဖားဆောင်းဒေသခံ ၁,၅၀၀ ကျော်ဟာလည်း စစ်ဘေးလွတ်ရာတွေမှာ တိမ်းရှောင်နေကြရပါတယ်။
လက်ရှိအချိန်အထိ ဖားဆောင်း၊ ဘောလခဲ၊ မိုးဗြဲမြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးတိုင် သိမ်းပိုက်နိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေကြပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေပါတယ်။