တနင်္သာရီတိုင်း၊ မြိတ်မြို့က တချို့ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့အတွက် အမျိုးသမီး နာမည်စာရင်းတွေကိုပါ ရာအိမ်မှူးတွေက လိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကန်ဖျားနယ်မြေ ဒေသခံ အမျိုးသမီးတဦးက “ကျမတို့အိမ်မှာ မိန်းကလေးနာမည်စာရင်းကို ရာအိမ်မှူးက လာကောက်သွားတယ်။ အပတ်စဥ် ၅ မှ ခေါ်မယ်လို့ဆိုပြီး ပြောတယ်” လို့ ပြောပါတယ်။
အလားတူဖြစ်စဥ်မျိုး အခုရက်ပိုင်းအတွင်း မြိတ်တောင်နယ်မြေက ရပ်ကွက်တွေမှာလည်း ဒေသခံတွေက အိမ်ထောင်စုစာရင်းကို ရာအိမ်မှူးဆီ သွားရောက်စာရင်းပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရပ်ကွက်နေ အမျိုးသမီးတဦးက “ပြီးခဲ့တဲ့ တရက် နှစ်ရက်လောက်တုန်းက ရုံးတင်ဖို့ဆိုပြီး အိမ်ထောင်စုစာရင်းကို ရာအိမ်မှူးဆီ သွားပေးရတယ်။ ကျမနာမည်ပါ ပေးထားခဲ့ရတာပါ။ ရာအိမ်မှူးအိမ်ရောက်မှ စစ်မှုထမ်းစာရင်းကောက်မှန်း သိတာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် မြိတ်မြို့၊ ခရူတောရပ်ကွက်နဲ့ အထက်ကန်ဖျားရပ်ကွက်မှာ ဒေသခံတွေကို အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအတွက် ဒီကနေ့ မေ ၃၁ ရက်မှာ အစည်းအဝေး ခေါ်ယူထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။