တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာက ဒေသခံ ရေလုပ်သား ၈ ဦးကို စစ်ကောင်စီ ရေတပ်သင်္ဘောတစီးကနေ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
ကဘင်ကျေးရွာအုပ်စု၊ ရေကန်အော်ရွာရဲ့ ပင်လယ်ပြင်မှာ မေ ၂၉ ရက်က စက်လှေ ၃ စီးနဲ့အတူ ရေလုပ်သား ၈ ဦးတို့ကို စစ်ကောင်စီရေတပ်သားတွေကနေ စပိဘုတ်နဲ့ လာရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပြီး သူတို့ကို စစ်သင်္ဘာပေါ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြောပါတယ်။
ဒေသခံတဦးက “မဲတောရွာက လှေသုံးစီးပဲ ဖမ်းခံရတာပါ။ တခြားရွာက လှေတွေကိုလည်း သူတို့အနောက်က လိုက်လာဖို့ ပြောတယ်။ အဲဒါ မလိုက်လာဘဲ သူတို့ရွာတွေဘက်ကို ပြန်မောင်းပြေးသွားတာပါ။ သင်္ဘောပေါ်ရောက်တော့ သူတို့လိုက်လာခိုင်းတဲ့ တခြားလှေတွေ မလိုက်လာတော့ သတ်ပစ်မယ် ဘာညာဆိုပြီး ပြောသေးတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့အချိန်မှာ စက်လှေ ၃ စီးထဲက လူတယောက်စီကို စပိဘုတ်နဲ့ တင်ဆောင်သွားပြီး ကျန်တဲ့လူတွေကို စက်လှေတွေနဲ့ အနောက်က လိုက်လာခိုင်းခဲ့တာ ဖြစ်ကြောင်းဒေသခံတဦးက ပြောပါတယ်။
“အဲ့နေ့တုန်းက ရေကန်အော်ရွာက နယ်ခံလူတွေနဲ့ အလုပ်ရှင်တွေ သွားညှိနှိုင်းကြသေးတယ်၊ အလုပ်မဖြစ်ဘူးပေါ့။ နောက်တော့ မဲတောရွာလူကြီးတွေနဲ့ သူတို့မိဘတွေကိုယ်တိုင် သွားပြောတာလည်း ပြန်မလွှတ်ပေးဘူး” လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ ရေလုပ်သား ၈ ဦးထဲက ၃ ဦးကို စစ်ကောင်စီရေတပ်ကနေ ပြန်လွတ်ပေးလိုက်တယ်လို့ သိရပြီး ကျန်တဲ့ ၅ ဦးကိုတော့ ကျွန်းစုမြို့ပေါ်ရှိ အချုပ်ခန်းကို ပို့ဆောင်လိုက်ကြောင်း သိရကာ ဘာကြောင့်ဖမ်းဆီးလိုက်တယ် ဆိုတာကိုတော့ DVB အနေနဲ့ စုံစမ်းမေးမြန်းနေဆဲ ြဖစ်ပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းမှာလည်း ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စုရှိ စစ်ဘုကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၄ ဦးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပြီး အရေးယူ အပြစ်ပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။