Home
နိုင်ငံတကာ
ဂါဇာတွင် အစားအစာရောင်းချမှု တားမြစ်ချက်ကို အစ္စရေး ရုပ်သိမ်း
DVB
·
June 1, 2024
Photo -REUTERS

အစ္စရေးစစ်တပ်ရဲ့ ရာဖာကို မြေပြင်ထိုးစစ်က နိုင်ငံတကာအကူအညီတွေကို ပိတ်ဆို့နေတာကြောင့် ဂါဇာကမ်းမြောင်ဒေသနဲ့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ အစားအစာ ရောင်းချမှု တားမြစ်ချက်ကို အစ္စရေးက ရုပ်သိမ်းလိုက်ပြီး ဂါဇာမှာ စားနပ်ရိက္ခာရောင်းချမှုကို ပြန်ဖွင့်ပေးလိုက်ပြီလို့ ပါလက်စတိုင်းအရာရှိတွေ၊ စီးပွားရေးသမားတွေနဲ့ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားတွေက ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာတောင်ဘက်စွန်းရှိ ရာဖာမြို့ကို ထိုးစစ်ဆင်ပြီးနောက် ရက်ပိုင်းအကြာ အခုလမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ နို့ထွက်ပစ္စည်းတွေလို စားစရာတွေကို အစ္စရေးနဲ့ ပါလက်စတိုင်း ကုန်ပေးသွင်းသူတွေဆီကနေ ဂါဇာကုန်သည်တွေကို ပြန်လည် စတင်ဝယ်ယူကြဖို့ မီးစိမ်းပြခဲ့တယ်လို့ လူတွေက ပြောပါတယ်။

အစ္စရေးနယ်မြေ သို့မဟုတ် အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက် သို့မဟုတ် အနောက်ဘက်ကမ်းအတွင်း ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေကို ဂါဇာကမ်းမြောင်ထဲကို ပထမဆုံးအကြိမ် တင်သွင်းခွင့်ပြုတာလည်း ဖြစ်ပါတယ်။

အကူအညီ လွှဲပြောင်းမှုတွေအတွက် တာဝန်ရှိတဲ့ အစ္စရေးစစ်တပ်ရဲ့ ဌာနခွဲတခုဖြစ်တဲ့ COGAT ကတော့ ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို မြှင့်တင်ဖို့နဲ့ ဂါဇာမှာ ရောင်းချတဲ့ အစားအစာ ပမာဏကို တိုးမြှင့်ဖို့ နည်းလမ်းတွေကို ရှာဖွေနေကြောင်း မေ ၃၀ ရက်မှာ ပြောပါတယ်။

အစ္စရေးနဲ့ တောင်ပိုင်း ဂါဇာ အကြားရှိ ကီရမ်ရှာလွန်မ် နယ်စပ်လမ်းကြောင်းကနေ ပို့ဆောင်မှု လမ်းကြောင်းက ကြိုတင်တွက်ဆထားလို့ မရကြောင်း ပါလက်စတိုင်းအရာရှိတွေက ပြောပါတယ်။

အစ္စရေးက ဘယ်လောက်ခွင့်ပြုပေးလဲ ဆိုတဲ့အပေါ် မူတည်ပြီး တနေ့ကို စားနပ်ရိက္ခာ တန်ချိန် ၂၀ အထိ တင်ဆောင်လာတဲ့ ထရပ်ကား အစီးရေ ၂၀ မှ ၁၅၀ ကြား ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

မေ ၇ ရက် ရာဖာတိုက်ခိုက်မှု စတင်ကတည်းက စားနပ်ရိက္ခာထောက်ပံ့ရေး ထရပ်ကား အကြမ်းဖျင်း ၄,၂၀၀ စီး၊ တရက်ကို အစီး ၁၉၀ လောက် ဂါဇာကမ်းမြောင်ကို ဝင်ရောက်တယ်လို့ အစ္စရေးအရာရှိတွေ ပြောကြားထားပြီး အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီကတော့ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်ကို ဖြေရှင်းဖို့အတွက် တရက်ကို ကုန်တင်ကား အစီးရေ ၆၀၀ ထက်မနည်း လိုအပ်တယ်လို့ ပြောထားပါတယ်။

ဂါဇာ ဖြန့်ဖြူးရောင်းချသူတွေဟာ ဂါဇာတောင်ပိုင်းနယ်စပ်ရှိ ကီရမ်ရှာလွန်မ် နယ်စပ်ဖြတ်ကျော်ဂိတ်မှာ ကုန်ပစ္စည်းရောင်းချသူတွေ ပေးပို့တဲ့ ထရပ်ကားတွေနဲ့ တွေ့ဆုံပြီး  နယ်မြေအတွင်းကို မဝင်ရောက်ရသေးခင်မှာ အစ္စရေးစစ်တပ်က ကုန်ပစ္စည်းတွေကို စစ်ဆေးမှု ခံယူရတယ်လို့ ပါလက်စတိုင်းအရာရှိ ၂ ဦးက ပြောပါတယ်။

ကုန်ပစ္စည်း ဖြန့်ဖြူးမှုကလည်း မညီမမျှ ဖြစ်နေပြီး ငတ်မွတ်ခေါင်းပါးမှု အပြင်းထန်ဆုံးဖြစ်တဲ့ ဂါဇာမြောက်ပိုင်းကို အနည်းငယ်ပဲ ရရှိတယ်လို့ ဆိုပါတယ်။

Source-Reuters

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013