ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ အကျဉ်းသား ၉၈ ဦးကို ကယ်ထုတ်ထားပြီး အဲဒီအထဲက နိုင်ငံရေးအကျဉ်းသား ၃၁ ဦးကို နေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်လိုက်ပြီး ကျန်အကျဉ်းသားတွေကို စိစစ်နေတယ်လို့ အာရက္ခတပ်တော် (AA) မေ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်က ဘူးသီးတောင်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် တိုက်ခိုက်နေစဉ် မေ ၁၆ ရက်မှာ ဘူးသီးတောင် အကျဉ်းထောင်အတွင်းက ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ဘေးလွတ်ရာနေရာကို ရွှေ့ပြောင်းပေးခဲ့ကာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စံနှုန်းတွေအရ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အရေးပေါ်လိုအပ်တဲ့ စားဝတ်နေရေး ထောက်ပံ့ကူညီခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာရက္ခတပ်တော်က ကယ်ထုတ်ထားတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လဝကမှု၊ သူခိုးလက်ခံမှု စတဲ့ ရာဇဝတ်မှု အသီးသီး ကျူးလွန်ထားတဲ့ အကျဉ်းသားတွေ ဖြစ်ကြပါတယ်။
အဲဒီအထဲက နိုင်ငံရေးအကျဉ်းသား ၃၁ ဦးကို မိသားစုဝင်တွေနဲ့ ဆက်သွယ်ပေးပြီးတော့ မိသားစုဝင်တွေဆီကို ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှု ပေးခဲ့ပြီး သူတို့ရဲ့ နေထိုင်ရာ ကျေးရွာတွေကို ပို့ဆောင်လိုက်ပြီလို့ ဆိုပါတယ်။
နောက်ထပ်ကျန်နေသေးတဲ့ အကျဉ်းသားတွေကိုလည်း သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ကျခံထားပြီး ပြစ်ဒဏ်ကို ပြန်လည်စိစစ်ပြီးတော့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ လုပ်ဆောင်သင့်တာတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဘူးသီးတောင်မြို့မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ မဖြစ်ပွားမီကပင် စစ်ကောင်စီက ဘူးသီးတောင် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးခြင်းနဲ့ နေရာပြောင်းရွှေ့ခြင်းများကို လုပ်ဆောင်ခဲ့ပေမဲ့လည်း နိုင်ငံရေးအကျဉ်းသားတချို့ကို ချန်လှပ်ထားခဲ့ပြီး လူမျိုးရေး အမုန်းတရားကို အခြေခံပြီးတော့ ရခိုင်ပြည်နယ်က နိုင်ငံရေးအကျဉ်းသားတွေကို ပိုမိုဖိနှိပ်ပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်ကို အထင်အရှား တွေ့မြင်ရတာ ဖြစ်တယ်လို့လည်း AA က ပြောခဲ့ပါတယ်။
ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်က မေ ၁၈ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်တို့မှာ စစ်ကောင်စီ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တဦး အပါအဝင် အချုပ်သား ၉ ဦးကိုလည်း စစ်ကောင်စီက သတ်ဖြတ်ခဲ့ပါတယ်။