ပဲခူးတိုင်းအရှေ့ပိုင်းရှိ ကျေးရွာတချို့မှာ စစ်မှုထမ်းခွင့်မရရေးအတွက် တအိမ်ကို တလ ကျပ် ၁၅,၀၀၀ ပေးသွင်းကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ကျေးရွာတွေဆီ သွားရောက်ကာ စစ်မှုထမ်းဖို့ လူခေါ်နေပြီး လူမပေးနိုင်တဲ့ရွာတွေအနေနဲ့ ပိုက်ဆံပေးဖို့ ဖိအားပေးခံနေရတာလို့ ဆိုပါတယ်။
ကဝမြို့နယ်မှ ပြည်သူတဦးက “ဒီလကစပြီး ငွေသွင်းရတာ။ ရွာတွေမှာကလည်း လူငယ်တွေ ရှိတော့တာမဟုတ်ဘူး။ အသက်မီသူမရှိလည်း တွေ့တဲ့သူခေါ်မယ် လုပ်နေတော့ ညှိလိုက်တာ၊ လတိုင်း ငွေပေးရမယ်ဖြစ်သွားတယ်။ တသောင်းခွဲလာကောက်လို့ ပေးလိုက်ရပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရွာတွေအထိဆင်းပြီး စစ်မှုထမ်းဖို့ လူခေါ်တာတွေကြောင့် ကျေးရွာနေ အမျိုးသားတွေ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဖြစ်စဥ်တွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ပဲခူးမြို့နယ်မှာ နေထိုင်သူတဦးက “ရွာတွေက အမျိုးသားတွေ မြို့ပေါ် တက်ရှောင်ကြတာတွေလည်း ရှိနေတယ်။ စစ်တပ်က ရွာတွေအထိဆင်းပြီး လူစုတာ။ လူစုတာထက် ငွေရှာတာပါပဲ” လို့ ပြောပါတယ်။
အဲဒီဒေသမှာ စစ်မှုထမ်း အကျုံးဝင်သူစာရင်းကို ကောက်ယူထားပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန်မှာ စာရင်းပါသူတွေ မရှိတော့ဘဲ တိမ်းရှောင်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်းက စစ်မှုထမ်းခေါ်ယူရေးနဲ့ ပတ်သက်လို့ ငွေကြေးတောင်းခံတာတွေ မလုပ်ဖို့ ပြောထားပေမဲ့ မြေပြင်မှာ ငွေတောင်း ဖိအားပေးမှုတွေ ရှိနေတာပါ။