ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက စစ်ပွဲကို ရပ်တန့်လိုက်ရင် ဟားမတ်စ်ဘက်ကလည်း ဓားစာခံတွေနဲ့ အကျဉ်းသားတွေလဲလှယ်ရေး အပါအဝင် “ပြီးပြည့်စုံတဲ့ သဘောတူညီချက်” တွေကို အကောင်အထည်ဖော်ဖို့ အသင့်ပဲလို့ ဟားမတ်စ်အဖွဲ့က မေ ၃၀ ရက်မှာ ပြောပါတယ်။
ဒါပေမဲ့လည်း ဆက်လက်ဖြစ်ပွားနေတဲ့ ရန်စမှုတွေအတွင်း နောက်ထပ် စေ့စပ်ညှိနှိုင်းမှုတွေမှာ ပါဝင်မှာမဟုတ်ကြောင်း ဖျန်ဖြေသူတွေကို ပြောထားကြောင်းလည်း ဆိုပါတယ်။
ဟားမတ်စ်နဲ့ ပါလက်စတိုင်းအဖွဲ့တွေဟာ ရန်လိုမှု၊ ဝိုင်းရံပိတ်ဆို့ထားမှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ပြည်သူတွေကို လူမျိုးတုံးသတ်ဖြတ်မှုတို့ကြောင့် အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်နေခြင်းကို ဒီမူဝါဒရဲ့ တစိတ်တပိုင်းအဖြစ် လက်ခံမှာမဟုတ်ဘူးလို့ ဟားမတ်စ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဂါဇာကမ်းမြောင်မှာ အစ္စရေးက စစ်ပွဲရပ်လိုက်ရင် ဓားစာခံ-အကျဉ်းသား လဲလှယ်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက် အပါအဝင် “အပြည့်အဝ သဘောတူညီချက်” ကို ရောက်ရှိဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတာကို ကြားဝင်ဖျန်ဖြေပေးသူတွေကို အကြောင်းကြားတယ်လို့ ဟားမတ်စ်က ကြာသပတေးနေ့မှာ ကြေညာခဲ့ကြောင်း ဂါဇာကို အုပ်ချုပ်နေတဲ့ ပါလက်စတိုင်းအဖွဲ့ခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကုလသမဂ္ဂ ထိပ်တန်းတရားရုံး (ICJ) က တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ နိုင်ငံတကာတရားရုံး (ICJ) က အစ္စရေးကို အမိန့်ပေးခဲ့ပေမဲ့ အစ္စရေးက ဂါဇာတောင်ပိုင်း ရာဖာကို ထိုးစစ်ဆင်ဖို့ ဖိအားပေးနေချိန်မှာပဲ ဟားမတ်စ်အဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။
ဂါဇာစစ်ပွဲအတွင်း အစ္စရေးနဲ့ အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေး စီစဉ်ဖို့ အီဂျစ်နဲ့ ကာတာတို့ ကြားဝင်ဖျန်ဖြေပေးတဲ့ ဆွေးနွေးပွဲတွေကို အကြိမ်ကြိမ် ရပ်ဆိုင်းခဲ့ရပြီး တိုးတက်မှုမရှိတဲ့အတွက်တော့ နှစ်ဖက်စလုံးက တဖက်ကိုတဖက် အပြစ်တင်ကြပါတယ်။
အစ္စရေးက ဟားမတ်စ်အဖွဲ့ရဲ့ အရင်ကမ်းလှမ်းချက်တွေက မလုံလောက်တာကြောင့် ပယ်ချခဲ့ပြီး အဲဒီအဖွဲ့ကို ချေမှုန်းပစ်မယ်လို့ပဲ ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ရာဖာထိုးစစ်ဟာ ဓားစာခံတွေကို ကယ်တင်ဖို့နဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေကို အမြစ်ဖြတ်ဖို့ ဦးတည်ထားတယ်လို့လည်း ဆိုပါတယ်။
Source-Reuters
Photo-Reuters