စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီထုတ် မန္တလေးရမ် အရက်ဖာ ၁၀၀ ကျော်ကို မေ ၃၀ ရက်မှာ ဖျက်ဆီးလိုက်တယ်လို့ တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။
တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက “ဒီမြို့နယ်ထဲမှာ အခုလထဲမှာတင် ၃ ကြိမ် ဖမ်းမိထားတဲ့ စစ်တပ်ထုတ် မန္တလေးရမ် အနီနဲ့ အဖြူ အရက်ဖာ ၁၀၀ ကျော် ဖျက်ဆီးပစ်လိုက်တာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေက ၁၂ ဘီးမော်တော်ယာဥ်တွေနဲ့ တင်ဆောင်လာတဲ့ အရက်ဖာတွေကို စစ်ဆေးရေးဂိတ်တွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ပြန်ကြားရေးတာဝန်ခံတဦးက “အရက်ဖာတွေတင်လာတဲ့ ၁၂ ဘီး ကားသမား ၃ ဦးကိုတော့ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်ပါတယ်။ အရက်ဖာတွေကိုတော့ ဖျက်ဆီးပစ်လိုက်တယ်။ နောက်ထပ်လည်း စစ်တပ်ထုတ်ကုန်တွေနဲ့ မူးယစ်ဆေးဝါးတွေကို စီမံချက်ချပြီး ဖမ်းဆီးအပြစ်ပေး ဖျက်ဆီးတာတွေကို အရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၄ ရက်ကလည်း ကလေးမြို့မှာ ဖမ်းဆီးရမိတဲ့ မြန်မာစစ်တပ်ထုတ် ဒဂုံဘီယာနဲ့ မြန်မာဘီယာဖာတွေကို အများပြည်သူမြင်ကွင်းရှေ့မှာ ကလေးမြို့ ပြည်သူ့အုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့တွေက ဖျက်ဆီးပစ်ခဲ့ပါသေးတယ်။