မြန်မာစစ်ကောင်စီဟာ နယ်စပ်ဒေသတွေအပါအဝင် နိုင်ငံရဲ့နယ်မြေ ၈၆ ရာခိုင်နှုန်းလောက်ကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ လတ်တလောထုတ်ပြန်တဲ့ အစီရင်ခံစာ ၂ စောင်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း နယ်မြေချဲ့ထွင်ထိန်းချုပ်လာနိုင်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလမှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းပြီးကတည်းက လူဦးရေ ၅၅ သန်းရှိတဲ့ နိုင်ငံဟာ မငြိမ်မသက်မှုတွေ ဆက်တိုက်ကြုံတွေ့နေရပါတယ်။
လမ်းပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို စစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီးတဲ့နောက် လက်နက်ကိုင်တော်လှန်ရေး အသွင်ကူးပြောင်းသွားခဲ့ကာ ရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ စစ်တပ်အတွက် အကြီးအကျယ် ခြိမ်းခြောက်မှု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ နိုင်ငံလူဦးရေ ၆၇ ရာခိုင်နှုန်း နေထိုင်တဲ့ နိုင်ငံ့နယ်မြေ ၈၆ ရာခိုင်နှုန်းအပေါ် အလုံးစုံထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်ပါတယ်။
နိုင်ငံတခုအနေနဲ့ ပင်မလုပ်ငန်းဆောင်တာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လုံလောက်တဲ့ နယ်မြေထိန်းချုပ်နိုင်မှု စစ်ကောင်စီမှာ မရှိတော့ဘူးလို့လည်း SAC-M က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မြောက်ပိုင်း ညီနောင်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အားနည်းနေတဲ့ စစ်တပ်ရဲ့ အခြေအနေမှန်ကို လှစ်ဟပြခဲ့ပါတယ်။
အဲဒီနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တောက်လျှောက် ထိုးစစ်ဆင်မှုတွေကြောင့် ထိုင်းနယ်စပ်ကနေ ဘင်္ဂလားပင်လယ်အော် တလျှောက်အထိ အစွန်အဖျား နယ်မြေတွေကို ဆုံးရှုံးခဲ့ရပါတယ်။
ဒီအောင်ပွဲတွေရခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ရဲ့ အမိမြေဧရိယာ ထိန်းချုပ်နိုင်မှုကို ချဲ့ထွင်လာနိုင်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်တဲ့ ခွဲထွက်နိုင်ငံငယ်လေးတွေ ထူထောင်နိုင်မယ့် လမ်းကြောင်းပေါ် ရောက်လာပြီလို့ နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်အဖွဲ့ International Crisis Group အစီရင်ခံစာက ဖော်ပြပါတယ်။
စစ်ကောင်စီဟာ နိုင်ငံနယ်စပ်အားလုံးနီးပါးကို ဆုံးရှုံးလာရပြီး နိုင်ငံမဟုတ်တဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ တိုးပွားလာနိုင်ခြေများတဲ့အချိန်မှာ အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံမှု ချဲ့ထွင်သင့်တယ်လို့ အစီရင်ခံစာ ၂ ခု စလုံးမှာ သုံးသပ်ထားပါတယ်။
Source-Reuters
Photo-Reuters