နိုင်ငံတဝန်းမှာ ၂၀၂၄-၂၀၂၅ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံနေပြီး ကလေးငယ်တွေနဲ့ ကျောင်းပြောင်းရွှေ့အပ်သူတွေကို ကျပ် ၁ သိန်းခွဲအထိ ကောက်ခံနေတယ်လို့ မြို့ခံတွေ ပြောပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အလယ်တန်းကျောင်း အမှတ် ၇ မှာ KG တန်း တက်ရောက်မယ့် ကလေးတဦး ကျောင်းသွားအပ်ချိန်မှာ ၅ နှစ်ပြည့်ဖို့ ၂ ပတ်ခန့် လိုအပ်နေတယ်ဆိုပြီး ကျောင်းအုပ်ဆရာမကြီးက ကျပ် ၁ သိန်းခွဲအထိ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
လှိုင်မြို့နယ်အတွင်း နေထိုင်သူတဦးက “ကျမတို့ရပ်ကွက်က ကလေးကို အသက်မပြည့်သေးလို့ဆိုပြီး ကျောင်းက လက်မခံဘူး။ သူ့အမေက ကျောင်းအုပ်ကို သွားတွေ့တာ ကျောင်းစာရေးက ခေါ်ပြောတယ်၊ ကန်တော့ရမယ်ပေါ့၊ အဲဒါနဲ့ စာအိတ်ထဲ ၅၀,၀၀၀ ထည့်ကန်တော့တာကို ၁ သိန်းခွဲမှရမယ်ဆိုလို့ မတတ်နိုင်တာလို့ တောင်းပန်တာကို မရတာနဲ့ ကျောင်းမအပ်ခဲ့ရဘူး” လို့ DVB ကို ပြောပါတယ်။
အခုနှစ်ကစတင်ပြီး ကျောင်းတက်ရမယ့် ကျောင်းသားသစ်တွေဟာ အသက် ၅ နှစ်မပြည့်မီ ၅ လအလိုမှာ ကျောင်းအပ်နိုင်တယ်လို့ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားပေမဲ့ ကျောင်းတချို့က ဆရာ ဆရာမတွေက ငွေကြေးတောင်းခံနေတာတွေ ရှိနေတာလို့ ဆိုပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းမှာရှိတဲ့ အထက်တန်းကျောင်းတွေမှာလည်း ကျောင်းပြောင်းရွှေ့လာသူနဲ့ ကျောင်းနားထားပြီး အခုနှစ်မှ ကျောင်းပြန်တက်သူတွေကို ငွေကြေးတောင်းခံတာနေတယ်လို့ သိရပါတယ်။
ကျောင်းသားတဦးက “မနှစ်က ကျောင်းမတက်လိုက်ဘူး။ ဒီနှစ် ပြန်တက်ဖို့ ကျောင်းသွားအပ်တော့ နင်တို့က အခုမှ ဘာလာလုပ်တာလဲ၊ မနှစ်က အွန်လိုင်းနဲ့တက်တာ မဟုတ်လား၊ အဲဒါဆိုလည်း တက်မနေနဲ့။ တက်မယ်ဆိုရင်လည်း မိဘနှစ်ယောက်လုံး ခေါ်ခဲ့ဆိုပြီး ပိုက်ဆံတောင်းတာ” လို့ ပြောပါတယ်။
အခြေခံပညာကျောင်းတွေမှာ မေ ၂၃ ရက်ကစပြီး ကျောင်းအပ်လက်ခံနေရာမှာ ကျောင်းအုပ် ဆရာ ဆရာမအားလုံးနဲ့ ဝန်ထမ်းအားလုံး အခကြေးငွေ မကောက်ခံဖို့နဲ့ ကျောင်းသားတွေကို ဘယ်ပစ္စည်းမှ ရောင်းချခြင်းမပြုဖို့ ပညာရေးဝန်ကြီးဌာနက သတိပေးစာတွေ ပေးပို့ထားပေမဲ့ ငွေကြေး တောင်းခံမှုတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေထံက သိရပါတယ်။