Home
မြန်မာသတင်း
စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
May 31, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ရွှေဇလုတ်ရပ်ကွက်နဲ့ ကမ္မကျေးရွာအကြား၊ မြို့ရှောင်လမ်းမှာ မေ ၃၀ ရက် မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲ ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “ကျနော်တို့ တဖက်နဲ့ တဖက် ပစ်တဲ့အသံတွေ ၂၀ မိနစ်ခန့်ကြားရပြီး သေနတ်အသံတွေ ငြိမ်သွားတယ်။ ခဏနေတော့ ပြည်သူကာကွယ်ရေးတပ်တွေ လက်နက် တွေယူပြီး ပြန်သွားတာမြင်လိုက်ရတယ်။ အဲလို လက်နက်တွေ ယူလာနိုင်တာကြည့်ခြင်းအားဖြင့် စကစဘက်က သေဆုံးတယ်ဆိုတာ ခန့်မှန်းလို့ ရတယ်” လို့ ပြောပါတယ်။

သေဆုံးအလောင်းတွေကို မုံရွာမြို့ နာရေးကူညီမှုပရဟိတအသင်းက လာရောက်သယ်သွားတယ်လို့လည်း သိရပါတယ်။

“ကမ္မနဲ့ ဇလုတ်ကြားက မြို့ရှောင်လမ်းမှာ ကားတစီးပစ်ခံရလို့ လူလေးယောက် ဒဏ်ရာအပြင်းထန် ရထားတယ်ဆိုပြီး မနက်ခင်း ၉ နာရီ‌ လောက်မှာ ဖုန်းဆက်လာတယ်။ အဲလိုဖုန်းဝင်လာလို့ ကျနော်တို့အသင်းကားနဲ့ သွားရောက်ကူညီသွားခဲ့တယ်ဗျ။ အခင်းဖြစ်တဲ့ နေရာရောက်တော့ စကစဘက်က ရဲဝတ်စုံနဲ့ ၄‌ ယောက် သေနေတာ တွေ့ရတယ်” လို့ ပရဟိရသမားတဦးက ပြောပါတယ်။

သေဆုံးသူတွေကတော့ ရဲအုပ် ကျော်ဝင်းသူ၊ ဒု ရဲတပ်ကြပ် ကျော်စွာ၊ ရဲတပ်သား သိန်းထိုက်စိုးနဲ့ ညီညီစိုးပိုင် တို့ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူကာကွယ်ရေး ရဲဘော်တဦးက “တိုက်ပွဲက ကျနော်တို့နဲ့ ဖြစ်တာဗျ။ ဒီမစ်ရှင်ကို ကျနော်တို့ မနက်ခင်း ၈ နာရီကျော်က စတင်ပြီး ကင်းပုန်းဝတ် စောင့်နေကြတာ။ စကစဘက်က ကားအဖြူတစ်စီးနဲ့ ဇလုပ်ရပ်ကွက်ဘက်ကနေ ကမ္မရွာဘက်ထွက်လာတဲ့အချိန် ရှင်းလင်းနိုင်ခဲ့တယ်ဗျ။ စကစဘက်ကနေ ကျနော်တို့ G3 တလက်၊ M4A1 တလက်၊ Ma13 စက်ကလေး ၂ လက်၊ ဖုန်း ၄ လုံး၊ G3 ကျည်ဆန် ၁၁၈ တောင့်၊ 9 mm အတောင့် ၅၀၊ 5.56 နေတိုးကျည် အတောင့် ၂၀ အား သိမ်းဆည်းရမိခဲ့တယ်” လို့ ပြောပါတယ်။

အခု တိုက်ပွဲကို စစ်ကြောင်းမှူး ကိုမိုးကောင်းမှ ဦးစီးပြီး မုံရွာနယ်ပလဖ ရပ်ကျေးဒုတာဝန်ခံအဖွဲ့၊ ဒီပဲယင်းမြို့နယ် Local mobile Team၊ ဘုတလင်မြို့နယ် ရပ်ကျေး Mobile Team အဖွဲ့ စတဲ့အဖွဲ့ ၃ ဖွဲ့ ပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ယင်းမာပင်မြို့မှာလည်း မေ ၂၇ ရက် ည ၁၁ နာရီခွဲဝန်းကျင်က ကင်းလှည့်နေတဲ့ စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက် သေဆုံးသွားတယ်လို့ Chindwin Toe Na Yar PDF ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

“ကျနော်တို့ရဲဘော်တွေ မြို့တောင်ဘက်က မြို့ဝင်ဆိုင်းဘုတ်နားမှာ တဖက်ပွင့်မိုင်းတွေကို အသက်သွင်းဖို့ ပြင်ဆင်နေတဲ့အချိန် ‌ေ–းတွေ မြို့ထဲဘက်က ထွက်အလာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ ၆ ကောင်သေတယ်ဆိုတာ စစ်တပ်နဲ့နီးစပ်သူတွေဆီက သတင်းလှမ်းပေးတယ်။” 

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု နာရီဝက်နီးပါး ကြာမြင့်ခဲ့ပြီး PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က တဖက်ပွင့်ပြောင်းမိုင်းတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေါင်းမင်းတပ်ရင်း တပ်ခွဲ ၂ တာဝန်ခံတဦးက “စစ်‌ေ–းတွေရှိတဲ့နေရာမှာ သွေးကွက်တွေ၊ စစ်ယူနီဖောင်း အစုတ်အပြဲတွေ တွေ့တယ်။ ဒဏ်ရာရတဲ့ကောင်တွေနဲ့ သေတဲ့ကောင်တွေကို စစ်ကားနဲ့ လာသယ်သွားတယ်ဆိုတာ မြေပြင်ကနေ သတင်းလှမ်းပို့တယ်” လို့ DVB ကို ပြောပါတယ်။

မေ ၂၈ ရက် ညနေ ၄ ခွဲဝန်းကျင်မှာလည်း အရင်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာမှာပဲ စစ်ကောင်စီတပ်သားတွေနဲ့ Chindwin Toe Na Yar PDF တပ်ပေါင်းစုတို့ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရတာတွေ ရှိသေးတယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Toe Na Yar PDF နဲ့ ဒေါင်းမင်းတပ်ရင်း တပ်ခွဲ ၂ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်ဆည်ကုန်းကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းကို မေ ၂၉ ရက် မနက် ၇ နာရီဝန်းကျင်က မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ဗိုလ်ကြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ Aung San's Land Natmauk ဆီကနေ သိရပါတယ်။

Aung San's Land Natmauk တာဝန်ခံတဦးက “‌ေ–းတွေက အင်အား ၄၀ လောက်နဲ့ ကျောက်ဆည်ကုန်းရွာဘက်ကနေ ထွက်လာကြတာ။ အဲဒီစစ်ကြောင်းကို ၄၀ မမနဲ့ အရင်ပစ်တော့ ‌ေ–း ၁ ကောင်သေတယ်။ အဲဒီစစ်ကြောင်းက ရှေ့တိုးရင်း ကျနော်တို့မိုင်းကွင်းထဲဝင်လာလို့ မိုင်းထပ်ဆွဲလိုက်တာ ‌ေ–း ၂ ကောင် ထပ်လစ်သွားပြီး အရာရှိထဲက ဗိုလ်ကြီး ၂ ကောင်ကတော့ လက်ပြတ်သွားကြတယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဘက်က ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ပြီး ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ နတ်မောက်ပကဖ ရဲဘော်တဦးက “မိုင်းမိတဲ့ စစ်‌ေ–းတွေက လေပေါ်မြောက်တက်သွားတယ်။ သေတဲ့‌ေ–းတွေနဲ့ ဒဏ်ရာရတဲ့ကောင်တွေကို နွားလှည်း ၃ စီးနဲ့ ပြန်သယ်သွားတယ်။ စစ်ကူစစ်ကြောင်းရောက်လာတော့ ‌ေ–းတွေကို နွားလှည်းပေါ်ကနေ ကားပေါ်ကို ပြောင်းတင်ပြီး သယ်သွားကြတယ်” လို့ ပြောပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေသယ်လာတဲ့ ယာဥ်တန်းကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

“အဲဒီ ‌ေ–းအလောင်းတွေတင်လာတဲ့ ယာဥ်တန်းကို မိုင်းဆွဲလိုက်လို့ တစီးကတော့ ထိုးရပ်သွားတယ်။ အဲဒီကားပေါ်က ‌ေ–းတွေ တခြားကားပေါ် ပြောင်းလိုက်သွားတယ်” လို့ နတ်မောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

ကနဦး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တဲ့နေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်တဲ့အခါ စစ်ကောင်စီတပ်သားတွေ အသုံးပြုခဲ့တဲ့ လက်နက်အပျက်အစီး အပိုင်းအစတွေ တွေ့ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Aung San's Land Natmauk၊ နတ်မောက်ပကဖ၊ မြို့သစ်ပကဖ၊ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့၊ ကြိုးကြာနီ၊ ကျားသစ်နက်၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၁ ဂဠုန် PDF နတ်မောက်၊ ၉၀၃ တပ်ခွဲ ၃ တိုက်ဒေါင်းတပ်ဖွဲ့၊ ၉၀၂ တပ်ရင်းနဲ့ နတ်မောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မေ ၂၉ ရက် မနက် ၈ နာရီ ဝန်းကျင်ကလည်း မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာ စာသင်ကျောင်းကနေ ထွက်လာတဲ့ စစ်ကြောင်းကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ Earthquake Peoples Defense Force  က ပြော ပါတယ်။ 

ကိုင်းတောမကျေးရွာ စာသင်ကျောင်းက ထွက်လာတဲ့စစ်သား ၁၅ ယောက်ကို အနီးကပ် မီတာ ၂၀ အကွာကနေ ပစ်ခတ်နိုင်ခဲ့တာကြောင့် စစ်တပ်က ထိခိုက်မှုရှိခဲ့တာလို့ Earthquake Peoples Defense Force က သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံကိုပိန်က​ ပြောပါတယ်။

"ကိုင်းတောမက​နေ ရိက္ခာရှာဖို့ ထွက်လာတဲ့စစ်ကြောင်း၊ ပစ်ခတ်မှုက နာရီဝက်ကျော် ကြာတယ်၊ သူတို့လူထိတော့ ပြန်ပြေးသွားကြတယ်၊ သေဆုံးစစ်သား ၂ ယောက်ကိုတော့ ပြန်သယ် သွားတယ်။”

စစ်ကောင်စီတပ်က သေဆုံးစစ်သား ၂ ဦးကို သယ်ဆောင်ပြီး ကိုင်းတောမကျေးရွာ စာသင်ကျောင်းကို ပြန်သွားခဲ့တယ်လို့ သိရပါတယ်။

မေ ၂၈ ရက် ညကလည်း မြိုင်မြို့နယ်၊ ကန်နီကျေးရွာ ပျူစောထီးစခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးစစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်တပ်သား ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းဆီကနေ သိရပါတယ်။

အင်အား ၆၀ လောက်နဲ့ ကန်နီရွာပျူစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစစ်ကြောင်းကို ဘုန်းကြီးကန်တောတိုက်နားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တာ၀န်ရှိသူတဦးက ပြောပါတယ်။

ကြားဖြတ်တိုက်ခိုက်ရာမှာ အရင်ဦးစွာ မိုင်းဆွဲတိုက်ခိုက်ပြီး ၄၀ မမ လက်နက်ကြီးတွေနဲ့ ချူံခိုပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဆိုပါတယ်။

အမှတ် ၁၇ တပ်ရင်းတော်လှန်ရေးတပ်က တပ်ဖွဲ့၀င်တဦးက “အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၂၀ နီးပါးဖြစ်ပွားခဲ့တာပါ။ သူတို့ဘက်က စစ်ကူတွေရောက်လာလို့ ကျနော်တို့တွေ ဆုတ်ခွာလာခဲ့ကြတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက တော်လှန်ရေးတပ်ဖွဲ့၀င်တွေ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လေ့မရှိပါဘူး။

Photos .... ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း၊ Chindwin Toe Na Yar PDF၊Aung San's Land

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013