ရုရှားနယ်မြေအတွင်း အမေရိကန် စစ်လက်နက်ပစ္စည်းတွေ အသုံးပြုတိုက်ခိုက်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းကို ခွင့်ပြုလိုက်တယ်လို့ CNN သတင်းဌာနက အမေရိကန် တာဝန်ရှိသူ ၂ ဦးကို ကိုးကားပြီး ဖော်ပြပါတယ်။
ဒါပေမဲ့ ရုရှားက ထိုးစစ်ဆင်နေတဲ့ ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ်မြို့နဲ့ နီးကပ်နေတဲ့ နယ်စပ်က ရုရှားဘက်ခြမ်း ပစ်မှတ်တွေကို ပစ်ခတ်နိုင်မှာဖြစ်တယ်လို့ ကန့်သတ်ထားပါတယ်။
ခါကိဗ်မှာ တန်ပြန်ပစ်ခတ်မှု ရည်ရွယ်ချက်အတွက်ပဲ ခွင့်ပြုပေးတာဖြစ်ပြီး ဒါမှသာ ရုရှားဘက်ခြမ်းကနေ လှမ်းပစ်နေတဲ့ ဒါမှမဟုတ် ပစ်ဖို့ပြင်ဆင်နေတဲ့ ရုရှားတပ်တွေကို ယူကရိန်းက ခုခံနိုင်မှာဖြစ်တယ်လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
ဒီလို ကန့်သတ်ချက် ဖြေလျှော့ပေးလိုက်တာဟာ ယူကရိန်းနိုင်ငံ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက်သာ ကူမယ်၊ ရုရှားနယ်မြေထဲကို မပစ်ခတ်ရဘူးဆိုတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ မူဝါဒကို ပြင်လိုက်တဲ့သဘောလည်း သက်ရောက်ပါတယ်။
ဒါပေမဲ့ ခါကိဗ်ဧရိယာတဝိုက်သာ ကန့်သတ်ခွင့်ပြုပေးတာ ဖြစ်သလို ယူကရိန်းဘက်ကလည်း အဲဒီထက်ပိုပြီး မတောင်းဆိုထားဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အမေရိကန်ဘက်ကလည်း ဒီထက် ပိုကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုဖို့ ရှိမနေဘူးလို့ ဆိုပါတယ်။
ရုရှားနယ်မြေထဲကနေ ယူကရိန်းဘက်ကို လှမ်းပစ်နေတဲ့အတွက် အဲဒီစခန်းတွေကို ပြန်ပစ်နိုင်ရေးအတွက် မူဝါဒပြောင်းပေးဖို့ ယူကရိန်းဘက်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
Source-Reuters