Home
နိုင်ငံတကာ
အာရှတွင် အမေရိကန်နှင့် တရုတ် ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုများ တဟုန်ထိုးမြင့်တက်
DVB
·
May 31, 2024
Photo-Reuters

မကြာသေးမီနှစ်တွေထဲမှာ ဒေသတွင်းတင်းမာမှု မြင့်တက်လာတာကြောင့် အာရှမှာ အမေရိကန်နဲ့ တရုတ် ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ တဟုန်ထိုး မြင့်တက်လာခဲ့တယ်လို့ လေ့လာမှုတခုက ဖော်ပြပါတယ်။

၂၀၀၃ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း အာရှတိုက်မှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးဌာနက သုတေသနလုပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်က ဦးဆောင်တယ်လို့ အကြမ်းဖျင်းပြောပေမဲ့ အရေအတွက်အရရော ကြီးကျယ်မှုအရပါ တရုတ်က အများကြီး နောက်ကျကျန်နေသေးတယ်လို့လည်း ဆိုပါတယ်။

အာရှနိုင်ငံတွေနဲ့ ပူးပေါင်းပြီး အမေရိကန်က စစ်ရေးလေ့ကျင့်မှု ၁,၁၁၃ ခု ပြုလုပ်နိုင်ခဲ့ပေမဲ့ တရုတ်က ဦးစီးလုပ်တာကတော့ ၁၃၀ ပဲ ရှိပါတယ်။

စစ်ရေးအရ ဖြန့်ကျက်တပ်စွဲမှုတွေလည်း မြင့်တက်လာခဲ့ပြီး အထူးသဖြင့် ထိုင်ဝမ်အရေး၊ အရှေ့နဲ့ တောင်တရုတ်ပင်လယ်အရေးတွေက အဓိကကျနေပါတယ်။

စစ်ရေးလေ့ကျင့်မှု ရည်ရွယ်ချက်နဲ့ ပုံစံတွေကလည်း အမျိုးမျိုးရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

အငြင်းပွားရေပိုင်နက်မှာ လွတ်လပ်စွာသွားလာခွင့် မြှင့်တင်တာ၊ ဟန့်တားကာကွယ်နိုင်စွမ်း ရှိကြောင်း အချက်ပြတာ၊ သံတမန်ရေးဆက်ဆံမှု တိုးမြှင့်တာ စသဖြင့် ကွဲပြားပါတယ်။

အမေရိကန်ရဲ့ လေ့ကျင့်မှုတွေက မဟာမိတ်တွေရဲ့ ပေါင်းစပ်ဆောင်ရွက်နိုင်စွမ်းကို အလေးပေးပြီး တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကတော့ အပြိုင်လိုက်လုပ်တဲ့ အော်ပရေးရှင်းတွေကို ဦးစားပေးပါတယ်။

တရုတ်က အိန္ဒိယသမုဒ္ဒရာကို အာရုံစိုက်လာတာကိုလည်း တွေ့ရပြီး အာရေဗျပင်လယ်ထဲမှာ ပါကစ္စတန်နဲ့ ရေတပ်စစ်ရေးလေ့ကျင့်တာမျိုးတွေပါ လုပ်လာခဲ့ပါတယ်။

တရုတ်စစ်တပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်ဝမ်ကျွန်းတဝိုက် နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွင်း ရည်မှန်းထားတဲ့ ပန်းတိုင်တွေကို အောင်မြင်ခဲ့ပေမဲ့ တကယ်လို့ ရန်စနှောင့်ယှက်ခဲ့ရင် နောက်ထပ် အရေးယူဖို့ ပြင်ဆင်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချီအန်းက မေ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်တဲ့ တရုတ်နိုင်ငံက ခွဲထွက်ရေးသမားလို့ သတ်မှတ်ထားတဲ့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် ရာထူးလက်ခံယူပြီးတဲ့နောက် ကျွန်းတဝိုက်မှာ နှစ်ရက်ကြာ စစ်စွမ်းရည် ပြသခဲ့ပါတယ်။

လိုင်ရဲ့ အစိုးရအသစ်ကို ဖိအားပေးဖို့ တရုတ်ပြည်မကြီးအစိုးရက ထိုင်ဝမ်ပိုင်နက်ကို တတိတိ ကိုက်ဝါးနေပြီး ပုံမှန်ပုံစံသစ်တခု ဖန်တီးဖို့ ကြိုးစားနေတယ်လို့ ထိုင်ဝမ်က သတိပေးပြီးနောက် နာရီပိုင်းအတွင်း ခုလို ကြေညာလိုက်တာပါ။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်ရဲ့ ပြင်းထန်တဲ့ လွတ်လပ်ရေးနဲ့ ခွဲထွက်ရေး လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့နဲ့ နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို တားဆီးဖို့ သတိပေးချက် ဖြစ်တယ်လို့ ဝူက ပေဂျင်းမြို့တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013