အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဂျမူးခရိုင်၊ အက်ခ်နူးမြို့မှာ ဘုရားဖူးတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ မေ ၃၀ ရက်က ချောက်နက်တခုထဲကို ထိုးဆင်းကျခဲ့တာကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဘတ်စ်ကားဟာ မြောက်ပိုင်း ဟာရ်ယနာပြည်နယ်ရှိ ကူရွတ်ခ်ရှီထရာမြို့ကနေ စတင်ထွက်ခွာလာတာဖြစ်ပြီး ဂျမူးမြို့ရှိ ဟိန္ဒူဘုရားကျောင်းတခုကို ဦးတည်မောင်းနှင်လာရင်း ချောက်ထဲလိမ့်ကျသွားခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ယာဉ်မောင်းဟာ ဂီယာအချိန်းအပြောင်းမှာ ပြဿနာကြုံရပြီး ကုန်းဆင်းအတိုင်း ထိုးကျသွားတာလို့ ဘတ်စ်ကားခရီးသည် လာလစ် ကူးမားက ပြောပါတယ်။
သူကတော့ ဘတ်စ်ကားအပေါက်ဝအနီးမှာ ရပ်နေတာဖြစ်လို့ ဘတ်စ်ကားက ပြုတ်ကျမလာခင် တောင်လမ်းပေါ်ကနေ ခုန်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံတွေဆီ အမြန်ပို့ဆောင်ခဲ့ကြောင်းနဲ့ ဒဏ်ရာရသူ ၆၀ ထက်မနည်းရှိပြီး သူတို့ကိုလည်း ဂျမူးရှိ အစိုးရဆေးကောလိပ်မှာ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ထားကြောင်း ဂျမူးခရိုင် ကော်မရှင်အဖွဲ့ဝင် ရာကက်ရှ် ကူးမားက ပြောပါတယ်။
ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ပြီး သူတို့ကို တည်ငြိမ်အောင် ဆရာဝန်တွေက ပြုစုစောင့်ရှောက်ပေးနေကြောင်း ဆိုပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့လည်း ရဲအရာရှိတဦးက ပြောပါတယ်။
Source-Reuters
Photo-Reuters