Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် မွန်ပြည်နယ်ကစစ်ရှောင်များ ထပ်မံထွက်ပြေးနေရ၊ ဘုတလင်တိုက်ပွဲတွင် ပြည်သူ ၁၀ ဦး ဖမ်းဆီးခံရ
DVB
·
May 31, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်တို့ရှိ ကျေးရွာတွေကနေ စစ်ဘေးတိမ်းရှောင်နေတဲ့ စစ်ရှောင်တွေရှိရာ တောတောင်တွေထဲကို စစ်တပ်က လက်နက်ကြီးတွေ ထပ်မံပစ်ခတ်တာကြောင့် ထပ်မံစစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာနားမှာရှိတဲ့ ကျုံအိတ်တံတားကို မေ ၁၁ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ မိုင်းခွဲတိုက်ခိုက်ပြီးတဲ့အချိန်ကစပြီး စစ်ကောင်စီအခြေစိုက် တပ်ရင်းတွေက အနီးနားရှိ ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာကြောင့် ကျေးရွာ ၈ ရွာမှ လူဦးရေ ၅၀၀၀ လောက်ဟာ နီးစပ်ရာ တောတောင်တွေထဲမှာ စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။

မေ ၂၃ ရက်မှာ ဘီလင်းမြို့နယ်မှာရှိတဲ့ မစောတံတားထပ်မံမိုင်းခွဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီ အခြေစိုက်တပ်ရင်းတွေက ကျေးရွာထဲအပြင် စစ်ရှောင်တွေ ထွက်ပြေးတိမ်းရှောင်နေတဲ့ တောတောင်ထဲကိုပါ လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် စစ်ရှောင်တွေဟာ ဘီးလင်းမြို့ပေါ်တွေနဲ့ ဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ဘေးရှောင်တဦးက “သူတို့က စစ်ရှောင်နေတဲ့ တောတောင်တွေထဲပါ လက်နက်ကြီးတွေ ပစ်နေတာ။ နေ့ဘက်တွေက ပြဿနာမရှိပေမဲ့ ညဘက်တွေကျတော့ ဘယ်လိုမှ အဆင်မပြေဘူးလေ။ ၂၅ ရက်နေ့လောက်ကတည်းက စပြီးရွှေ့နေတာ၊ ကိုယ့်ရွာထဲတော့ ပြန်လို့မရဘူးပေါ့။ လက်နက်ကြီးလွတ်‌တဲ့ ရွာတွေနဲ့ ဘီလင်းမြို့နားတွေမှာ ထပ်ရှောင်ရတာ” လို့ ပြောပါတယ်။

စစ်ရှောင်တွေဟာ နေရာထိုင်ခင်းက အဆင်ပြေသလိုနေလို့ရပေမဲ့ အစားအစာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

“စစ်ရှောင်ခါစကဆို မျှင်ငါးပိနဲ့ပဲ တပတ်လောက်စား‌လိုက်ရတယ်။ မြို့ပေါ်တက်ပြီး ပစ္စည်းဝယ်လို့ ရတယ်ဆိုပေမဲ့ ငွေကြေးအခက်အခဲကလည်း ရှိသေးတယ်။ နေစရာကပြဿနာသိပ်မရှိပါဘူး။ အဓိကက ဆေးဝါးနဲ့ စားစရာအကူအညီတွေပဲလိုပါတယ်” လို့ ပြောပါတယ်။

မစောတံတား မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ အမတ ၃၁၄၊ ခမရ ၉၊ ခမရ ၈၊ ခလရ ၈ နဲ့ သံတံတားအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးနဲ့ ပိုမိုပစ်ခတ်လာကြတယ်လို့ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောပါတယ်။

ဘီးလင်းမြို့နယ်က ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရတဲ့ မေ ၁၁ ရက်ကစပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၅ ဦး သေဆုံး၊ ၂၅ ဦး ဒဏ်ရာရရှိသလို နေအိမ် ၄၅ လုံး ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၇၀၀ ကျော် ‌လူ ၅၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာအနီးမှာလည်း မေ ၃၁ ရက် မနက် ၇ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စီပါရွာအပါဝင် အနီးဝန်းကျင်မှ ကျေးရွာတွေက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

စီပါရွာသားတဦးက “စစ်သားတွေက ဘုတလင်မြို့က မနက်ခင်း ၅ နာရီ‌ကျော်က စထွက်လာတာ။ စထွက်လာပြီဆိုတာနဲ့ ပြည်သူကာကွယ်ရေးတပ်က ရွာကလူတွေ အကုန် ရှောင်ခိုင်းတယ်။ ကြောက်အားလန့်အားနဲ့ ထွက်ပြေးရတာဆိုတော့ စကစနဲ့ ထိပ်တိုက်တိုးပြီး ပြည်သူ ၁၀ ဦး ဖမ်းဆီးခံရတယ်ဗျ။ တိုက်ပွဲဖြစ်ပြီး ၆ ဦးကတော့ လွတ်မြောက်လာတယ်ဗျ။ ၄ ဦးကတော့ အခုထိ ပြန်လွတ်မလာသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စီပါရွာက ပြန်ထွက်လာပြီး ဘုတလင်မြို့ကိုအပြန်လမ်းမှာလည်း ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ဝင် ရဲဘော် ကိုပတ္တမြှားက ပြောပါတယ်။

“သူတို့ ရွာထဲဝင်တဲ့အချိန်မှာ ကျနော်တို့ ရဲဘော် ၁ ဦးနဲ့ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးတယ်ဗျ။ ဖမ်းဆီးခံရသူတွေ ကယ်တင်နိုင်ရေးအတွက် စကစ နဲ့ ကျနော်တို့အဖွဲ့တို့ တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲအတွင်းမှာ စကစဘက်က တဦးကျပြီး တဦးဒဏ်ရာရရှိသွားတယ်။ ကျနော်တို့ဘက်က သူတို့ ဖမ်းဆီးသွားတဲ့ ရဲဘော်တဦး ပစ်သတ်ခံရတာရယ်၊ တိုက်ပွဲအတွင်း တဦးကျဆုံးတာရယ် စုစုပေါင်း ၂ ဦးကျဆုံးပြီး ရဲဘော်တဦး ဒဏ်ရာရရှိခဲ့တယ်။”

စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ စီပါရွာသား ၁၀ ဦးထဲက ၆ ဦးဟာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားပြီး ပြန်လွတ်မြောက်လာကာ စစ်ကောင်စီရဲ့ ကျည်မျိုးစုံနဲ့ ဖုန်းတလုံးကိုပါ ယူဆောင်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013