Home
နိုင်ငံတကာ
ရေလွှမ်းမိုးမှုဒဏ်ခံရသည့် ဘရာဇီးတွင် ရေကြောင့်ဖြစ်သည့်ရောဂါများ ဖြစ်ပွား
DVB
·
May 31, 2024

ဘရာဇီးနိုင်ငံ တောင်ဘက်စွန်းက ရီယိုဂရန်ဒီ ဒိုဆူးလ် ပြည်နယ်မှာ လူပေါင်း ၁၆၉ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်အပြီး ဒေသခံတွေဟာ ရေမြုပ်နေခဲ့တဲ့ သူတို့ရဲ့နေအိမ်တွေဆီ ပြန်လည်ရောက်ရှိလာကြပြီး သန့်ရှင်းရေးတွေ စတင်လုပ်ဆောင်နေချိန်မှာပဲ ရေကြောင့်ဖြစ်တဲ့ရောဂါတွေနဲ့ ကြုံနေရပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဧပြီလနှောင်းပိုင်းက စတင်ရွာသွန်းခဲ့တဲ့ မိုးကြောင့် ရီယိုဂရန်ဒီ ဒိုဆူးလ် ပြည်နယ်ရှိ မြစ်တွေနဲ့ ရေကန်အများအပြားကို စံချိန်တင် ရေတွေမြင့်တက်ခဲ့ပြီး လူပေါင်း ၅၈၀,၀၀၀ ကျော်ဟာ ရေလွှမ်းမိုးမှုကြောင့် နေအိမ်တွေကို စွန့်ခွာပြေးခဲ့ကြရကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။

ရေစီးဆင်းမှုမရှိတဲ့ ရေသေထဲမှာ ရောဂါပိုးရှိတဲ့ ကြွက်တွေရဲ့ ဆီးထဲမှာ ရှိနေတဲ့ ရောဂါပိုးကြောင့် အကြီးအကျယ် ဖြစ်ပွားတဲ့ လက်ပ်တို စပီရိုးဆစ်စ် ရောဂါဟာ လက်ရှိမှာ ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အကြီးမားဆုံးစိုးရိမ်မှုဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေး စောင့်ကြည့်ရေးဌာန အကြီးအကဲ ရောဘတ်တာ ဗာနာကောက ပြောကြားပြီး မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း ရောဂါဖြစ်ပွားမှု မြင့်တက်လာခဲ့ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာပဲ ကူးစက်မှုအဆင့်ကို တိုးလာခဲ့ကြောင်းလည်း ဆိုပါတယ်။

မိုးစရွာကတည်းက ရောဂါကြောင့် လူ ၇ ဦး သေဆုံးခဲ့ပြီး တခြားသံသယရှိသေဆုံးသူ ၁၀ ဦးကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အခုဆို ရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ စစ်ဆေးနေဆဲ လူနာပေါင်း ၂,၃၀၀ ရှိပြီး သူတို့ထဲက ၁၄၁ ဦးကို အတည်ပြုခဲ့ကြောင်း ပြည်နယ်ကျန်းမာရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ကွင်းဆင်း ဆေးရုံအုပ်ကြီး ဒုဗိုလ်မှူးကြီး မော်ရီစီယို စပက်တာရို ကတော့ “လူတွေဟာ ရေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့ ထိတွေ့မှုကနေ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားရပြီးတော့ လက်ပ်တို စပီရိုးဆစ်စ်နဲ့ တခြားရောဂါတွေ၊ နောက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေကိုလည်း တွေ့ရှိရတယ်” လို့ ပြောပါတယ်။

ဆေးဘက်ဆိုင်ရာလိုအပ်ချက် မြင့်မားနေမှုကို ထိန်းကျောင်းဖို့အတွက် ပြည်နယ်အတွင်း ကွင်းဆင်းဆေးရုံ ၄ ခုအပြင် မိုဘိုင်းအဖွဲ့တွေကိုလည်း ထူထောင်ထားပြီး လူထောင်ပေါင်းများစွာကို ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

ဒေသခံတွေအနေနဲ့ သူတို့ရဲ့နေအိမ်တွေဆီ ပြန်လာတဲ့အခါ ခြောက်သွေ့တဲ့ နေရာတွေမှာ မိုးခိုနေကြတဲ့ အဆိပ်ရှိတဲ့ တိရစ္ဆာန်တွေနဲ့ တွေ့နိုင်တဲ့ အန္တရာယ်အသစ်တွေကို တွေ့ရှိနိုင်ကြောင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်ကြောင်းလည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013