Home
မြန်မာသတင်း
မြန်မာပြည်တွင်း လူသုံးများသည့်  VPN များချိတ်ရခက်၊ VPN IP များ  Blacklist အထည့်ခံရ
DVB
·
May 31, 2024

မြန်မာနိုင်ငံတွင်းမှာ  လူသုံးများတဲ့ VPN တွေကို စစ်ကောင်စီက ပိတ်ဆို့ကန့်သတ်လိုက်တဲ့အတွက် လူထုကြားမှာ အဆင်မပြေမှုတွေနဲ့ အင်တာနက်အသုံးပြုမှုမှာ အခက်အခဲတွေကြုံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖေ့စ်ဘွတ်ခ်ကို မြန်မာတနိုင်ငံလုံးမှာ အသုံးပြုလို့မရအောင် ပိတ်ပင်ခဲ့ပေမဲ့ အသုံးပြုသူတွေကတော့ ကိုယ့်ရဲ့ အင်တာနက် IP (လိပ်စာ) ကို ပြောင်းလဲပေးတဲ့ VPN (Virtual Private Network) ခံအသုံးပြုခဲ့ ကြတာပါ။

စစ်ကောင်စီက အင်တာနက်အသုံးပြုမှုပိတ်ပင်တာ၊ အသုံးမပြုစေချင်တဲ့ IP တွေ ကို blacklist ထဲထည့်တာစတဲ့ နီးလမ်းပေါင်းစုံနဲ့ ပြည်သူတွေ အင်တာနက်သုံးစွဲမှုကိုပိတ်ပင်ကန့်သတ်မှုတွေ လုပ်ခဲ့ပြီး မေလ ၃၀ ရက်မနေ့ကတော့  မြန်မာနိုင်ငံမှာ လူသုံးများတဲ့ VPN တွေကို ချိတ်ဆက်အသုံးပြုလို့မရတော့တဲ့အတွက် ပြည်သူတွေကြားမှာ ဂယက်ရိုက်သွားခဲ့ပါတယ်။

ပြည်တွင်းက အင်တာနက်သုံးစွဲသူတဦးက “အခုမနက်မှာတော့ ဝိုင်ဖိုင်နဲ့လည်းရတယ် ဒေတာနဲ့လည်း အဆင်ပြေသွားပြီ။ ဒါပေမဲ့ လိုင်းက ကောင်းလားဆိုတော့ သိပ်မကောင်းသေးဘူး။ ဒီမနက် အစောပိုင်းမှာဆိုရင်လည်း Viber တို့ သုံးလို့မရသေးဘူး။ ပုံတွေ စာတွေမထွက်ဘူး။ အဲဒီအခက်အခဲတော့ ဖြစ်သွားတယ်။ အရင် လူသုံးများတဲ့ 1111 VPN လိုဟာမျိုး အခုဒီမှာ အသုံးများတဲ့ VPN လိုဟာဆို ချိတ်လို့မရဘူး။ တချို့ဆို ပိုက်ဆံပေးပြီးဝယ်ရတဲ့ VPN တွေတောင် ချိတ်လို့ မရဘူးဆိုပြီး ပြောနေကြတာမျိုးလည်းရှိတယ်။ မနေ့ကဆိုရင် လိုင်းက သတင်းဝက်ဆိုဒ်တွေဝင်တဲ့အခါမှာ ဝင်ကြည့်လို့မရဘူး လုံးဝဘာမှကိုမပေါ်ဘူးဖြစ်နေတာ။  အင်တာနက်ကိုပဲ အားကိုးကြီး လုပ်နေတဲ့ အချိန်မှာ လိုင်းက ဒီလို အခက်အခဲဖြစ်သွားတာကျတော့ တော်တော်အခက်အခဲ ဖြစ်သွားတာပေါ့။ မနေ့ကဆို ရုံးမှာ အင်တာနက်အသုံးပြုလို့မရဘူး VPN တွေ ချိတ်လို့မရလို့ ဘာအလုပ်မှ လုပ်လို့မရဘူး”လို့ ပြောပါတယ်။

အခုလိုဖြစ်တာ စစ်ကောင်စီက လူမှုကွန်ရက်ကနေသတင်းစီးဆင်းမှု နှေးကွေးအောင် ပိတ်ပင်ထားတာ ဖြစ်တယ်လို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်တွေဖြန့်ဝေနေကြပါတယ်။

စစ်ကောင်စီက လူသုံးများတဲ့ VPN တွေကို ပိတ်ဆို့တာဖြစ်ပြီး အခမဲ့အသုံးပြုနိုင်တဲ့ VPN တွေကို ပြည်သူက ဝိုင်းသုံးတဲ့အတွက် အသုံးပြုမှုမှာ နှေးကွေးတာဖြစ်တယ်လို့ အိုင်တီပညာရှင်တဦးက ပြောပါတယ်။

လက်ရှိအခြေအနေကို ကျော်လွှားဖို့ အခကြေးငွေပေးပြီး အသုံးပြုရတဲ့ Premium VPN ကို အသုံးပြုဖို့နဲ့ ဆာဗာ များများရှိတဲ့ VPN တွေကို ရွေးချယ် အသုံးပြုကြုဖို့ အကြံပြုပါတယ်။

အိုင်တီပညာရှင်တဦးက  “အခုဖြစ်တဲ့ပြဿနာက စကစက လူသုံးများတဲ့ဖြစ်တဲ့ VPN တွေရဲ့ IP တွေ ကို blacklist ထဲထည့်လိုက်တာဖြစ်ဖို့များပါတယ်။  ဝင်မရနှေးကုန်တယ်ဆိုတာက ရသေးတယ်ဆိုတဲ့ free VPN  တွေကို ဝိုင်းသုံးကြလို့ဖြစ်ပါလိမ့်မယ်။ အခုလိုဖြစ်တာကိုကျော်လွှားဖို့က လူသုံးများတဲ့ VPN မသုံးပဲနဲ့ server များများရှိတဲ့ paid VPN သုံးတာမျိုး ဥပမာ Outline VPN ဆို server တခုထဲမဟုတ်ပဲ server group လိုက်လေးတွေသုံးတာမျိုးဆို သူတို့ပိတ်ရခက်စေ‌ပါတယ်။ စိုးရိမ်ရတာကတော့ blacklist လုပ်တာမျိုးပဲ မဟုတ်ဘဲ တခြားနိုင်ငံတွေမှာလိုမျိုး grate firewall ဆောက်အမြဲ monitoring လုပ်နေပြီး white list ထဲ သူတို့လိုချင်တဲ့ IP တွေပဲဖွင့်ပေးထားတာ ထည့်ပေးထားတာမျိုး၊ ပြီးတော့ WeChat လိုမျိုး All in One app တစ်ခုထဲနဲ့ထိန်းတာမျိုး လုပ်လာမယ်ဆိုရင်တော့စိုးရိမ်ရပါတယ်”လို့ ပြောပါတယ်။

VPN ပြဿနာကိုကျော်လွှားဖို့ ကြိုးစားရာမှာလည်း ခြေရာဖျောက်သုံးလို့ရတဲ့ တချို့သောကွန်ရက်တွေကို အသုံးပြုနိုင်ပေမဲ့ အကောင့်လော့ကျတာတွေ အင်တာနက် အလွန်နှေးကွေးတာတွေဖြစ်နိုင်တဲ့အတွက် အသုံးမပြုကြဖို့ကိုလည်း တိုက်တွန်းပါတယ်၊

တရုတ်နိုင်ငံမှာတော့ ကွန်ရက် အဝင်အထွက်တွေကို စစ်ထုတ်စောင့်ကြည့်ပေးတဲ့ လုံခြုံရေး ကိရိယာ grate firewall ကို တည်ဆောက်ထားပြီး လူထုကိုစောင့်ကြည့်နေသလို မြောက်ကိုးရီးယားမှာဆိုရင်တော့ whitelist ထဲ အသုံးပြုစေချင်တဲ့ IP တွေကိုပဲ ထည့်သွင်းပြီး အကန့်အသတ်နဲ့အသုံးပြုခွင့်ပေးထားတာ ဖြစ်ပါတယ်။

အင်တာနက်ပိတ်ဆို့မှု အဆိုးဝါးဆုံး ကမ္ဘာ့နိုင်ငံတွေစာရင်းမှာ စစ်အာဏာသိမ်းမှုနဲ့ ဖိနှိပ်မှုတွေ ခံနေရတဲ့ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ဒီဂျစ်တယ်အခွင့်အရေး လှုပ်ရှားရေးအဖွဲ့ Access Now က ထုတ်ပြန်ထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013