Home
မြန်မာသတင်း
ကျောက်တံခါး၌ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်သား ၃၅ ဦးကျော်သေဆုံး
DVB
·
June 1, 2024
Photos Crd - သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၊တပ်ဖွဲ့၀င်တဦး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ မြိုချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၅ ဦးကျော်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦး ကျဆုံးခဲ့​တယ်လို့ သိရပါတယ်။

တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့ တာဝန်ခံတဦးက “တိုက်ပွဲကလေ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၄ ရက်နီးပါး ဖြစ်ပွားခဲ့ပြီး ‌ေ–းတွေကို နည်းမျိုးစုံနဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့လို့ ‌ေ–း ၃၅ ကောင်ကျော်သေတယ်။ ဒဏ်ရာရသူတွေလည်း များတယ်။ စစ်‌ေ–းတွေနဲ့အတူ ပျူစောထီး‌ေ–းမျိုးတွေလည်း ပါတယ်။ ပျူ‌ေ–းတွေလည်း သေတာပဲ” လို့ ပြောပါတယ်။

ကျောက်တံခါးမြို့နယ်ထဲက ပဲခူးရိုးမအတွင်းရှိ မြိုချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၂ မိုင်ကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မေ ၂၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းက စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့​တယ်လို့ သူက ဆက်ပြောပါတယ်။

မေ ၂၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီစစ်ကြောင်းကို ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ဦး ပွဲချင်းပြီးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ရဲဘော်တဦးက “စစ်‌ေ–းနဲ့ ပျူတွေက စစ်ကား ၆ စီးနဲ့ရော ခြေလျင်ရော မြိုချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၇ မိုင်ကို တက်လာတာ။ ကျနော်တို့ရဲဘော်တွေကလည်း ပဒေသာမိုင်း ၃ လုံးဆွဲပြီး ၄၀ မမ ၄ လုံးနဲ့ ပစ်လိုက်တာ ‌‌ေ–း ၅ ဦး ပွဲချင်းပြီးပဲ။ ဒဏ်ရာရတဲ့ ‌ေ–းနဲ့ ပျူတွေလည်း အော်ဟစ်လို့” လို့ ပြောပါတယ်။

မြိုချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၈ မိုင်အနီးက တော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီစခန်းကို တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မေ ၂၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ပဒေသာမိုင်း ၆ လုံးနဲ့ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ နှစ်ဖက်ပစ်ခတ်မှုအတွင်း တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ အမည်မဖော်လိုတဲ့ ရဲဘော်တဦးက “ကျနော်တို့ ယာယီစခန်းဆီကို တက်လာတဲ့ စစ်‌ေ–းတွေကို မိုင်းဆွဲပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်။ စစ်‌ေ–းတွေဘက်က စက်လတ်၊ လက်နက်ကြီးတွေနဲ့ ဒရုန်းတွေသုံးလာတော့ အင်အားမမျှတာနဲ့ဘဲ ယာယီစခန်းကနေ ကျနော်တို့တွေ ဆုတ်ခွာပေးခဲ့ကြရတယ်။ အဲဒီတိုက်ပွဲမှာ ကျနော်တို့ဘက်က ရဲဘော်ကျော်ကြားနဲ့ ရဲဘော်မိုးစက်တို့ ရဲဘော်ညီလေး ၂ ယောက် ကျဆုံးသွားခဲ့တယ်” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ လက်နက်အင်အား ကွာခြားမှုကြောင့် စခန်းကနေ ဆုတ်ခွာပေးလိုက်ရတဲ့အတွက် ကျန်နေခဲ့တဲ့ လက်လုပ်သေနတ် ၃ လက်နဲ့ ရှေ့ထွက်မိုင်း ၄ လုံး ဆုံးရှုံးခဲ့​ရတယ်လို့ သိရပါတယ်။

မေ ၂၉ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ မြိုချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၉ မိုင်ကို တက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်လို့ ဆိုပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ပြောရေးဆိုခွင့်ရှိသူတဦးက “‌ေ–းတွေ မိုင်းဆွဲပြီး အပြန်အလှန်ပစ်ခတ်မှု ၄ နာရီလောက်ကြာပြီး ‌ေ–း ၁၇ ကောင်သေပြီး ဒဏ်ရာရတဲ့ကောင်တွေလည်း များတယ်။ အခုသေတဲ့ ‌ေ–း ၁၇ ကောင်ကို ဖောကားနဲ့ ၁၂ မိုင်အထိ ပြန်သယ်တယ်။ ခြေပြတ်တဲ့ ၆ ကောင်ကိုတော့ ပရဟိတအသင်းကားနဲ့ သယ်တယ်။ ကျန်တဲ့ စစ်‌ေ–းတွေနဲ့ ပျူအလောင်းတွေကို ရိုးမတောထဲမှာပဲ မြှုပ်ခဲ့ကြတယ်။ သေတဲ့‌ေ–းအရေအတွက်က ၃၅ ကောင်ထက် ထပ်တိုးနိုင်သေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ PDF ယာယီစခန်းသိမ်းပြီးချိန်မှာ ယာယီစခန်းနဲ့ စခန်းအနီးက ပြည်သူပိုင်စျေးဆိုင် တဆိုင်ကိုပါ မီးရှို့သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပဲခူးရိုးမအတွင်း အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ သာယာဝတီ PDF စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ PDF အလောင်း ၂ လောင်း၊ လက်လုပ် ၁၂ ဗို့ သေနတ် ၁ လက်၊ ရှေ့ထွက်မိုင်း ၇ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် PDF စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားဖော်ပြထားတာကို တွေ့ရပြီး သူတို့ဘက်က အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရရှိတာကိုတော့ ဖော်ပြရေးသားတာ မတွေ့ရသလို DVB အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ထဲက မြိုချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တဲ့အတွက်​ ပြည်သူတွေအနေနဲ့ ရိုးမအတွင်း သွားလာတာတွေ မပြုလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ​ပြည်သူတွေကို မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013