Home
မြန်မာသတင်း
ရွှေဈေး ကျပ် ၅၆ သိန်းထိ ပြန်ကျ
DVB
·
May 31, 2024

အခေါက်ရွှေတကျပ်သားကို ကျပ်သိန်း ၆၀ နီးပါးထိ ထိုးတက်ပြီးနောက် စစ်ကောင်စီရဲ့ အဖမ်းအဆီး အစစ်အဆေးတွေကြောင့် ရွှေဈေး ကျပ် ၅၆ သိန်းထိ ပြန်ကျဆင်းသွားတယ်လို့ ရွှေဈေးကွက်အတွင်းကနေ သိရပါတယ်။

ရန်ကုန်မြို့က ရွှေဆိုင်ပိုင်ရှင်တဦးက “ဖမ်းတာဆီးတာတွေ၊ ခေါ်ယူစစ်ဆေးတာတွေ ဖြစ်လာတော့ မနေ့က သိန်း ၆၀ နီးပါးကနေ ၅၆ သိန်း ပြန်ဖြစ်သွားတယ်။ ဒီနေ့လည်း အဲဈေးပဲ။ နည်းနည်းပြန်ငြိမ်သွားတယ်။ ရောင်းတဲ့ဝယ်တဲ့သူတော့ မရှိဘူး။ အကုန်လုံးကလည်း ရှောင်ကြ တိမ်းကြဆိုတော့” လို့ ပြောပါတယ်။

မနေ့က မွန်းလွဲပိုင်း ပြင်ပဈေးကွက်မှာ အခေါက်ရွှေတကျပ်သားကို ကျပ် ၅၉ သိန်းကျော်ထိ ထိုးတက်ခဲ့ပြီး ဒေါ်လာငွေလဲနှုန်းကလည်း တဒေါ်လာကို ၄,၇၈၀ ကျပ်ထိ ရှိခဲ့ပါတယ်။

ဒီနေ့မှာ‌တော့ စစ်ကောင်စီက ‌ရွှေကုန်သည်တွေ အပါအဝင် ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူတွေနဲ့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းသမားတွေကို အစည်းအဝေးခေါ်ယူပြီး ဆွေးနွေး ညိုနှိုင်းနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ပြီးတဲ့‌နောက် ဒေါ်လာဈေးလည်း ပြင်ပဈေးကွက်မှာ တဒေါ်လာကို ၄,၆၇၀ ထိ ပြန်ကျဆင်းလာပါတယ်။

ရွှေဆိုင်လုပ်ငန်းရှင်တဦးက “ခေါ်စစ်ဆေးခံရတာက ရွှေဆိုင်တွေထဲမှာတော့ အခေါက်ရွှေရောင်းချတဲ့ ဆိုင်ကြီးတွေနဲ့ ပြီးရင် ရွှေကုန်သည်တွေရော အားလုံးပေါင်း အယောက် ၂၀၊ ၃၀ လောက် ရှိတယ်လို့ သတင်းကြားတယ်။ ပြီးတော့ ပို့ကုန်၊ သွင်းကုန် သမားတွေလည်း ပါတယ်။ သွင်းကုန်တွေကို နည်းနည်း စည်းကမ်းတွေ ထပ်ကျပ်လိုက်တယ်လို့လည်း ကြားတယ်” လို့ ပြောပါတယ်။

အဲဒီလို ရွှေနဲ့‌‌ဒေါ်လာ ရောင်းချသူတွေကို ခေါ်ယူစစ်ဆေးမှုတွေအပြင် ရွှေဈေးထိုးတက်ပြီး ဈေးနှုန်း မတည်ငြိမ်မှုတွေကြောင့် ဈေးကွက်ထဲမှာ အခေါက်ရွှေရောင်းချမှုကတော့ မရှိသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ ‌ရွှေဈေး၊ ငွေဈေးတွေ တည်ငြိမ်ကျဆင်းဖို့အတွက် အခုလို ငွေကြေးလဲလှယ်သူတွေ၊ ရွှေကုန်သည်တွေနဲ့ စီးပွားရေးသမားတွေကို မကြာခဏ ခေါ်ယူတွေ့ဆုံပြီး ဖိအားပေး ဆောင်ရွက်နေပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနဲ့ နိုင်ငံရေးအခြေအနေတွေအရ အလုပ်ဖြစ်နိုင်ခြေ နည်းတယ်လို့ ဈေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013