အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထံမှာ တာဝန်မထမ်းဆောင်လိုဘဲ ထွက်ခွာလာတဲ့ CDM အရာရှိတွေနဲ့ စစ်သည်တွေကို တော်လှန်ရေးတပ်တခုအဖြစ်စုဖွဲ့ပြီး စစ်ကောင်စီကို ပြန်တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်နေပြီး သက်ဆိုင်ရာနယ်မြေက တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေကို ခွင့်တောင်းထားတယ်လို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က DVB ကို ပြောပါတယ်။
အာဏာသိမ်းပြီးချိန်ကနေ လက်ရှိ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကို ရောက်လာချိန်မှာ စစ်ကောင်စီထံကနေ ထွက်ခွာလာသူ CDM အရာရှိတွေနဲ့ စစ်သည်တွေ ထောင်ဂဏန်းနီးပါး ရှိလာပြီလို့လည်း သိရပါတယ်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ လက်ရှိမှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ ဘက်ပြောင်းရေးအစီအမံ စီမံအုပ်ချုပ်ရေး ကော်မတီမှာ ညွှန်ကြားရေးမှူးအနေနဲ့ တာဝန်ယူထားပါတယ်။
ထောင်ဂဏန်းနီးပါးရှိနေတဲ့ CDM အရာရှိ၊ စစ်သည်တွေကို လူထုထောက်ခံမှု ရှိသူတွေက ဦးဆောင်ပြီး လေ့ကျင့်ပြင်ဆင်နိုင်ဖို့ သက်ဆိုင်ရာနယ်မြေ တိုင်းရင်းသားခေါင်းဆောင်တွေ၊ စစ်ရေးခေါင်းဆောင်တွေကို ခွင့်တောင်းထားကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။ လက်ရှိမှာလည်း မြေပြင်မှာ စတင်ပြီး စုဖွဲ့မှု အနည်းငယ် ရှိတယ်လို့ ဆိုပါတယ်။
“သက်ဆိုင်ရာနယ်မြေ တိုင်းရင်းသားခေါင်းဆောင်တွေ၊ စစ်ရေးခေါင်းဆောင်တွေကို ခွင့်တောင်းထားတယ်။ ကျနော်ကဲ့သို့ စစ်တပ်ကနေ ယုံကြည်ချက်နဲ့ ဖောက်ထွက်လာတဲ့ အရာရှိတွေ CDM တွေ အများကြီးရှိတယ်။ စုဖွဲ့ပြင်ဆင်သင့်ပြီလို့ ကျနော်ယူဆပါတယ်။ နိုင်ငံတကာက ရှုမြင်နေတဲ့ တိုင်းရင်းသားတွေနဲ့ ဗမာတပ်မတော် ဖြစ်နေတဲ့ စစ်ပွဲမဟုတ်ဘူး။ မှားယွင်းနေတဲ့ ဖက်ဆစ်တပ်ကို စစ်သားတွေက ပြန်တိုက်နေတဲ့ ပုံရိပ်မျိုးဖြစ်အောင် စစ်သားတွေနဲ့အတူ တော်လှန်ရေးတပ်တွေ၊ တိုင်းရင်းသားတပ်တွေ အကုန်လုံးက တသားတည်း တညီတညွတ်တည်း ဥပဒေစိုးမိုးနိုင်အောင် ပုံရိပ်မျိုးဖြစ်အောင် ခုချိန်မှာ ကြိုးစားမှ နိုင်ငံတကာကလည်း စောင့်ကြည့်ပြီး ဘယ်သူ့ကိုကူညီရမှန်းမသိအောင် တုံဏှိဘာဝေ အခြေအနေကနေ ကျော်နိုင်မယ်လို့ ထင်ပါတယ်။”
လက်နက်ချ အညံ့ခံဖို့အတွက် စစ်ကောင်စီတပ်စခန်းတွေကို ဗိုလ်ကြီးဟောင်း နေမျိုးဇင်က လိုက်လံစည်းရုံး ဟောပြောလေ့ရှိပြီး စခန်း ၇ ခုနီးပါး ဘက်ပြောင်းဖို့ လိုက်စည်းရုံးခဲ့တယ်လို့ သိရပါတယ်။
စည်းရုံးဟောပြောတဲ့အချိန် ချိတ်ဆက်ထွက်လာတာတော့ မရှိပေမဲ့ စခန်းသိမ်းတိုက်ပွဲတွေ အပြီး စစ်ကောင်စီတပ်သားတွေကို ဖမ်းမိကာ မေးမြန်းစစ်ကြောချိန်မှာတော့ သူတို့ဘက်က လက်ရှိအခြေအနေတွေကို ထုတ်ဖော်ပြောဆိုမှုတွေ ရှိတယ်လို့လည်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။
“စည်းရုံးဟောပြောတဲ့အချိန် ချိတ်ဆက်ထွက်လာတာတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ အပြန်အလှန်က သူလက်နက် ကိုယ်လက်နက်နဲ့ စည်းကျော်ရင် ပစ်ခတ်နေချိန်ဆိုတော့ ထွက်လာဖို့ ခဲယဉ်းပါတယ်။ ဆက်သွယ်ရေးစက်တွေနဲ့ ဆက်သွယ်ဖို့ ကမ်းလှမ်းပေမဲ့ ချန်နယ်တွေက ကြားဖြတ်စောင့်ကြည့်နေနိုင်တာကြောင့် သူတို့ မဆက်သွယ်ရဲဘူး။ ဖုန်းလိုင်းလည်းမရှိ၊ အင်တာနက်လည်း မရှိတော့ တိုက်ရိုက်ထွက်လာတာ မရှိဘူး။ တော်လှန်ရေးတပ်တွေက နောက်ပိုင်း တိုက်ခိုက်တဲ့အချိန်မှာ အရှင်ဖမ်းမိတာတွေ ရှိတယ်။ လက်နက်ချကြတယ်။ ပြီးတော့ သုံ့ပန်းအဖြစ် ရောက်လာပြီး ကျနော် သွားစစ်မေးတဲ့ အချိန်ကျမှပဲ သူတို့က ထုတ်ဖော်ပြောတာပေါ့။ သူတို့ထွက်ချင်ကြတယ်၊ ထွက်လို့မရတဲ့ အခြေအနေတွေ ရှိတယ်လို့ ပြောတယ်။ ကျနော်နဲ့ ပူးပေါင်းချင်တယ်၊ ပြန်တိုက်မယ်ဆိုပြီး ပြောတာတွေရှိတယ်။”
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်လာတဲ့ ရဲနဲ့ စစ်သည် အရာရှိ ၁၀,၀၀၀ ကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားပြီး လက်ရှိအချိန်မှာ အဲဒီပမာဏထက် ပိုများလာဖွယ် ရှိပါတယ်။
CDM စစ်သည် ရာနဲ့ချီပြီးတော့လည်း တော်လှန်ရေးတပ်တွေနဲ့အတူ စစ်ကောင်စီကို ပါဝင်တိုက်ခိုက်နေကြပြီး PDF တပ်ဖွဲ့တွေကို စစ်သင်တန်း ပြန်လည်ပို့ချတာတွေလည်း ရှိနေပါတယ်။