Home
မြန်မာသတင်း
ဂျပန်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် စစ်ကောင်စီအသုံးချခံမဖြစ်ရေး တိုကျိုတွင် သတင်းစာရှင်းလင်း
ဇော်ဇော်လှိုင်
·
May 31, 2024

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လုံခြုံအေးချမ်းနေပြီမို့ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဂျပန်လက်ရွေးစင်အသင်းတို့ ရန်ကုန်မြို့မှာ ခြေစစ်ကစားမယ်ဆိုပြီး နှစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပြောကြားခဲ့မှုအပေါ် စစ်ကောင်စီရဲ့ဝါဒဖြန့် အသုံးချခံမဖြစ်စေဖို့ တိုကျိုမြို့မှာ ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက မေ ၃၁ ရက် ညနေမှာ သတင်းစာရှင်းပွဲတခု ပြုလုပ် ကန့်ကွက်ခဲ့ကြပါတယ်။

ဂျပန်ဘောလုံးအဖွဲ့ချုပ်ရုံးရှေ့မှာ သတင်းစာရှင်းပွဲပြုလုပ်ခဲ့ပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ်ရုံးက တာဝန်ရှိသူတွေကို ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ဝင်ရောက်တွေ့ဆုံ ရှင်းပြခဲ့ကာ ရုံးရှေ့မှာပဲ NHK သတင်းဌာန အပါအဝင် သတင်းမီဒီယာဌာနတွေကို ရှင်းလင်းပြောဆိုခဲ့တာပါ။

ဂျပန်ဘောလုံးအဖွဲ့ချုပ်ရုံး တာဝန်ရှိသူတွေကို တွေ့ဆုံရှင်းပြခဲ့သူ ဦးမြင့်ဆွေက “ဦးဇော်ဇော် လာပြီး လက်မှတ်ထိုးချိန်တုန်းက မြန်မာပြည် ငြိမ်းချမ်းနေပါပြီ၊ ရန်ကုန် ငြိမ်းချမ်းနေပါပြီ ဆိုတဲ့သဘောကို ပြောသွားတဲ့အတွက် ဒါတွေက မမှန်ပါဘူး၊ ဒါတွေက အလိမ်အညာတွေပါ။ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု မရှိသေးပါဘူး။ လူ ၂၆,၀၀၀ ကျော်ကို မြန်မာစစ်တပ်က မတရားဖမ်းဆီး ထိန်းသိမ်းထားတယ်၊ ပြည်တွင်းမှာ စစ်ဘေးရှောင်တွေ ၃ သန်းကျော်ရှိတယ်၊ ဒါတွေကို သေချာလေ့လာပြီးမှ မြန်မာနိုင်ငံမှာ သွားကစားသင့်ပါတယ်၊ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုရဲ့ အသုံးချခံ မဖြစ်စေချင်လို့ အခုလို လာကန့်ကွက်တောင်းဆိုတာ” လို့ ပြောပါတယ်။

တိုကျိုအခြေစိုက် MFC ဘောလုံးကလပ်အသင်း တည်ထောင်သူ ဦးဟန်စိန်က “တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီတပ်တွေ နိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ပေါက်ကွဲမှုတွေ တိုင်းဒေသတွေမှာ ရှိနေတယ်။ လူငယ်တွေ မတရား စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ဒါတွေကို ကျနော်တို့ ပြည်ပနေထိုင်သူတွေတောင် သိတာ၊ မြန်မာနိုင်ငံမှာနေထိုင်တဲ့ ဦးဇော်ဇော် အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းနေပြီလို့ ပြောတာက မိမိသဘောနဲ့ ပြောတာလား၊ စစ်ကောင်စီက နောက်ကပြောခိုင်းလို့ သူ့အနေနဲ့ ပြောတာလားတော့ သူတို့ချင်းပဲသိမှာပါ။ ဒါတွေကို လက်မခံနိုင်လို့ အခုလို လာရောက်ရှင်းပြရတာပါ” လို့ ပြောပါတယ်။

“အခုလို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေ ဒုက္ခရောက်ချိန်မှာ ဂျပန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လာမကစားသင့်ဘူး။ တတိယနိုင်ငံ၊ ဥပမာ ထိုင်းနိုင်ငံလိုမျိုးမှာ ပြိုင်ပွဲကို ကစားသင့်တယ်” လို့ မြန်မာ့အရေးလှုပ်ရှားသူ ဦးစိုးတင့်နိုင်က သတင်းစာရှင်းပွဲမှာ ဆိုခဲ့ပါတယ်။

ဂျပန်သတင်းထောက်နဲ့ ရုပ်ရှင်ဒါရိုက်တာ Mr. Yuki Kitazumi ကလည်း ဂျပန်ဘောလုံးချစ်သူတွေ အနေနဲ့ မြန်မာနိုင်ငံဟာ လုံးဝတည်ငြိမ်အေးချမ်းမှု မရှိသေးတာမို့ သတိထား သွားလာစေချင်တယ်၊ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေကို ဂျပန်ဘောလုံးချစ်သူတွေကို အဖွဲ့ချုပ် JFA အနေနဲ့ အသိပေးထားသင့်တယ်လို့ ဂျပန်သတင်းမီဒီယာတွေကို ရှင်းလင်းပြောဆိုခဲ့ပါသေးတယ်။

မေ ၂၂ ရက်က တိုကျိုမြို့ JFA ရုံးချုပ်မှာ မြန်မာဘောလုံးအဖွဲ့ချုပ် (MFF) နဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ်တို့ (JFA) တို့ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) တခု လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လုံခြုံအေးချမ်းနေပြီမို့ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဂျပန်လက်ရွေးစင်အသင်းတို့ရဲ့ ကမ္ဘာ့ဖလား အာရှဇုန် အဆင့် ၂၊ အုပ်စု ဘီ-၅ ပွဲစဉ်ကို ဇွန် ၆ ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပသွားမယ်ဆိုပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့တယ်လို့ သိရပါတယ်။

ဇော်ဇော်လှိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024