Home
မြန်မာသတင်း
မောင်တောပြည်သူ ၅ ဦး ဖမ်းဆီးခံရ၊ စစ်တွေတွင် စစ်တပ်ဖျက်ဆီးသဖြင့် အိမ်ခြေ ၁၀၀ ခန့် ပျက်စီး
DVB
·
May 31, 2024

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တန်းရပ်ကွက်၊ အောင်မြေဗောဓိရွာကို မေ ၂၉ ရက် နေ့လယ်မှာ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ မောင်တောမြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့ ကညင်တန်းရပ်ကွက်၊ အောင်မြေဗောဓိရွာက ဦးထွန်းလှိုင်၊ ဦးမြတ်နိုင်နဲ့ ဦးမောင်မောင်ချေတို့ အပါအဝင် ပြည်သူ ၅ ယောက် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် နေအိမ်တွေကို တအိမ်တက်ဆင်း မွှေနှောက်ပြီး ပြည်သူတွေပိုင်ဆိုင်တဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေက ခိုးယူသွားကြတယ်လို့ ပြောပါတယ်။

မောင်တောမြို့နယ်မှာ မေ ၂၇ ရက် မနက်ကလည်း စစ်ကောင်စီတပ်သားတွေက ပြည်သူ ၇၅ ယောက်ကို ဖမ်းဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ချောင်းနွယ်မင်းဂံရွာကို မေ ၂၉ ရက် ညနေမှာ စစ်ကောင်စီတပ်က ဘက်ဟိုးတွေနဲ့ ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့နယ်၊ ချောင်းနွယ်မင်းဂံရွာကို မေ ၂၉ ရက် ညနေ ၄ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ စည်ပင်အဖွဲ့တွေ ပူးပေါင်းကာ ဘက်ဟိုးတွေနဲ့ ဖျက်ဆီးခဲ့တာလို့ စစ်တွေမြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“စစ်ကောင်စီဘက်က ခံစစ်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဖျက်ဆီးခဲ့ကြတာပါ။ အာရက္ခတပ်တော် (AA) ဘက်က ရေကြောင်းကနေ ဝင်ရောက်တိုက်ခိုက်လာမှာကို ကြောက်လန့်ပြီး မြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေကို ဖြိုဖျက်တာတွေ ပြုလုပ်လာကြတာ။”

ချောင်းနွယ်မင်းဂံရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတဲ့အနက် ပြည်သူထက်ဝက်လောက်က စစ်ဘေးတိမ်းရှောင်နေကြပြီး စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက် စီးနင်းပြီး ဖျက်ဆီးသွားကြတာလို့ ပြောပါတယ်။

စစ်တွေမြို့နယ်၊ ချီလည်ဖင်းကျေးရွာကိုလည်း မေ ၂၈ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၃၀ ကျော်လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024