မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ မေ ၃၀ ရက် မနက်ပိုင်းက စစ်ကောင်စီ ဂိတ်စခန်းတခုကို တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ CDF-အရှို ကနေ သိရပါတယ်။
ငဖဲမြို့နယ်၊ ရှောက်တောင်ကျေးရွာနားက စစ်ကောင်စီရဲ့ ကပစ ၁၄ ဂိတ်စခန်းကို မေ ၃၀ ရက် မနက် ၇ နာရီခွဲလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ CDF-အရှိုရဲ့ ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတယောက် ပွဲချင်းပြီးသေဆုံးပြီး MA 1 သေနတ်တလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဂိတ်က စစ်ကောင်စီတပ်သားတွေဟာ တောင်ပေါ်အုပ်စုကျေးရွာတွေကို စျေးဝယ်ယူခွင့် ကန့်သတ်တာတွေ၊ ဂိတ်ဖြတ်သန်းတဲ့ အချိန်မှာလည်း အကြောင်းမဲ့ ငွေကြေးကောက်ခံတာတွေနဲ့ ပြည်သူလူထုကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာတွေကြောင့် တိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို DVB က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။