Home
မြန်မာသတင်း
NMSP-AD အဖွဲ့နှင့် မသက်ဆိုင်ကြောင်း မွန်ပြည်သစ်ပါတီ ကြေညာ 
DVB
·
June 2, 2024

လက်နက်ကိုင်ခွဲထွက်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD) ဟာ သူ့သဘောသူဆောင်နေတဲ့အဖွဲ့ဖြစ်ပြီး မိခင်ပါတီနဲ့ ဆက်စပ်ပတ်သက်မှုမရှိတဲ့ အဖွဲ့သာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက မေ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ ပါတီတွင်းစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ဒေသတွင်း တည်ငြိမ်မှု လုံခြုံမှုတည်ဆောက်ရေး၊ ဒေသခံရဟန်းရှင်လူ ပြည်သူတွေ နှလုံးစိတ်ဝမ်းအေးချမ်းစေရေးတို့ကို ရှေးရှုပြီး ခွဲထွက်အဖွဲ့ မိခင်ပါတီထံ ပြန်လာရေး ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ခွဲထွက်အဖွဲ့ NMSP-AD ဟာ နိုင်ငံရေး၊ စစ်ရေးကဏ္ဍတွေမှာ မိခင်ပါတီနဲ့ ကွဲပြားခြားနားတဲ့ အမြင်သဘောထားတွေနဲ့ ဖော်ဆောင်လာနေရာ ပြန်လည်ပေါင်းစည်းရေးမှာ အလားအလာ မှေးမှိန်သထက် မှေးမှိန်လာနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

မျှော်လင့်ချက်အလွန်နည်းပါးနေတဲ့ ပြန်လည်ပေါင်းစည်းနိုင်ရေးကိစ္စကို မိခင်ပါတီအနေနဲ့ ဆက်လက်ကြိုးပမ်းနေမယ်လို့လည်း မွန်ပြည်သစ်ပါတီက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD) ပြောခွင့်ရ နိုင်ဗညားမွန်ကတော့ မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပေးစရာ မရှိကြောင်းနဲ့ ကြေညာထားတဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ DVB ကို ပြောပါတယ်။

မွန်ပြည်သစ်ပါတီက သူတို့အဖွဲ့အတွင်း စစ်ရေး အမြင်မတူမှုကြောင့် ပါတီကနေ ၁၉၉၆ ခုနှစ်က မြိတ်ဒေသခွဲထွက်မှု၊ ၂၀၀၁ ခုနှစ်မှာ ဗိုလ်မှူးကြီး နိုင်ပန်းညွန့် ဦးဆောင်တဲ့ ရှေ့တန်းဗျူဟာတဖွဲ့လုံး ခွဲထွက်မှုတွေ ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နောက်ပိုင်းဖြစ်ပေါ်တဲ့ ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲ အခြေအနေတွေဟာ ကာလအတန်ကြာ ငြိမ်သက်နေတဲ့ ပါတီတွင်း သဘောထားကွဲလွဲမှုတွေကို ပိုမိုနက်ရှိုင်းလာစေခဲ့ပြီး ၁၁ ကြိမ်မြောက် ပါတီညီလာခံမှာ ဆွေးနွေးဆုံးဖြတ်ကြရာ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာရေး အမြင်သဘောထားကသာ ဆက်လက်လွှမ်းမိုးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအမြင်ကို လက်မခံဆန့်ကျင်တဲ့ အင်အားစုမှာ ပါဝင်တဲ့ ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ် စလွန်းထော၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တွေ ဖြစ်တဲ့ နိုင်ဗညားလယ်နဲ့ နိုင်လယီကောင်းတို့ ဦးဆောင်ပြီး ပါတီကနေ ခွဲထွက်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်ဆောင်ကော်မတီရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးထံ DVB က ဖုန်းနဲ့ လေးကြိမ်ထက်မနည်း ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မွန်လူမျိုးကိုယ်စားပြု လက်နက်တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက ဒီကြေညာချက်ဟာ မွန်ပြည်သစ်ပါတီဗဟိုကို စစ်ကောင်စီက စစ်ရေးအရ အရေးယူလာနိုင်တဲ့အပေါ် ကြိုတင်ကာကွယ်တာ ဒါမှမဟုတ် မွန်ပြည်သစ်ပါတီ AD နဲ့ ပတ်သက်ဆက်နွှယ်မှုမရှိကြောင်း ပြည်သူတွေသိအောင် ထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

NMSP-AD ဟာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စစ်ကြေညာခဲ့ပါတယ်။

လက်ရှိမှာလည်း မွန်ပြည်သစ်ပါတီ AD ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဝါရင့်မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ တဖွဲ့ချင်းအလိုက် ဖြစ်စေ၊ အုပ်စုအလိုက်ဖြစ် ၇ ကြိမ်အထိ နေပြည်တော်မှာ ငြိမ်းချမ်းရေးသွားရောက်ဆွေးနွေးထားပြီး တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်နဲ့ ကြားနေမူဝါဒ ဆုပ်ကိုင်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024