Home
မြန်မာသတင်း
ရေဦးတွင် လက်နက်ကြီးကြောင့် အဘွားအို ၁ ဦးသေ၊ ပြည်မြို့တွင် ဖမ်းထားသည့် အမျိုးသား ၁ ဦးကို စစ်ကောင်စီ သတ်ဖြတ်
DVB
·
June 1, 2024

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီက မေ ၃၁ ရက်နေ့ ည ၈ နာရီကျော်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အဘွားအိုတယောက်ကျည်ထိမှန် သေဆုံးခဲ့ပြီး ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ အမျိုးသား ၂ ယောက်ထဲက တယောက်ဟာ ဓားစာခံအဖြစ် ခေါ်ဆောင်ခံရရင်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၃၁ ရက်နေ့ ည ၈ နာရီကျော်က ရေဦးမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး နှောကုန်းရွာက အဘွားအိုတယောက် ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

ဒေသခံတယောက်က “ပစ်တာက ရေဦးတိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတွေက ပစ်တာဗျ။ ပစ်တဲ့ လက်နက်ကြီးကလည်း ၁၂၀ မမနဲ့ ပစ်တယ်။ ဘာကြောင့် ပစ်တာလဲဆိုတော့ သူတို့ကတော့ ညပိုင်းရောက်ရင် မူးရူးပြီး အခုလို ရမ်းသန်းထုတာပဲ။  မနေ့ညကတော့ သူတို့လက်နက်ကြီးနဲ့ပစ်လို့ နှောကုန်းရွာအနောက်ဘက်ကပ်ပြီး ကျပေါက်ကွဲတယ်။ အဲဒီ ပေါက်ကွဲတဲ့ ကျည်အပိုင်းအစက ဦးခေါင်းထိမှန်ပြီး အဖွားအိုတဦးသေဆုံးတယ်။ အမည်က ဒေါ်ကြည်စိန်ပါဗျ။ အသက်က ၇၀ လောက်ပါ” လို့ ပြောပါတယ်။

အရင်ကလည်း တိုက်ပွဲမဖြစ်ဘဲ ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ရေဦးမြို့နယ်နဲ့ ခင်ဦးမြို့နယ် ကျေးရွာတွေက ပြည်သူတွေ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦး ပအဖခေါင်းဆောင်က “လူ့စည်းကမ်း၊ လူ့ကျင့်ဝတ် နားမလည်တဲ့ ကောင်တွေလို့ပဲ ပြောရမယ်။ ဘာတိုက်ပွဲမှ မရှိဘဲ အခုလို ညတိုင်းပစ်ခတ်နေတာ။ ကြောက်တတ်ရင်လည်း ထမီဝတ်သာဝတ်ထားလို့ ပြောရမယ်” လို့ ပြောပါတယ်။

ရေဦးမြိုနယ် နှောကုန်းရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်တယ်လို့လည်း သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ နဝဒေးရပ်ကွက် တည်းခိုခန်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ လူလတ်ပိုင်း အမျိုးသား ၂ ယောက်ထဲက တယောက်ကို စစ်ကောင်စီက ပဲခူးရိုးမအတွင်း ဓားစာခံအဖြစ်ခေါ်ဆောင်သွားပြီး မေ ၂၈ ရက်နေ့က ရိုးမအတွင်းမှာပဲ သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံတွေဆီက သိရပါတယ်

ဧပြီ ၂၃ ရက်နေ့က ပြည်မြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက်ပိုင်း လူလတ်ပိုင်း အမျိုးသား ၂ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်

ရွှေတံခါးရပ်ကွက်အတွင်း နေထိုင်သူတယောက်က “စစ်ကြောရေးမှာ ရောဂါနဲ့သေတာဆိုပြီး မိသားစုကို အကြောင်းကြားတာ။ အလောင်းကို သူတို့ သင်္ဂြိုလ်လိုက်ပြီလို့ပဲ ပြောတယ်။ တခြားဘာမှ မေးလို့ မရဘူး။ သတင်းအမျိုးမျိုးထွက်နေတယ်။ တချို့က စစ်ကြောရေးမှာသေတာမဟုတ်ဘဲ ရိုးမပေါ်မှာ သေတာလို့ ပြောသံကြားရတယ်” လို့ ပြောပါတယ်။

ကိုရှိင်းထက်အောင်(ခ)ဂျာဘူ စစ်ကြောရေးမှာ သေဆုံးသွားပြီလို့ မိသားစုကို အကြောင်းကြားခဲ့ပေမယ့် သူ့အလောင်းကို ပဲခူးရိုးမအတွင်းမှာ ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ကျနော်တို့ရှိတဲ့ စခန်းတွေကို ဓားစာခံပုံစံမျိုးနဲ့ လိုက်ပြခိုင်းတာ။ စခန်းနေရာတွေ မသိလို့ဖြစ်မယ်။ ခေါင်းကို တေ့ပစ်ပြီး သတ်ထားခဲ့တာ။ အလောင်းကို ကျနော်တို့ ကောင်းမွန်စွာနဲ့ သင်္ဂြိုလ်ပေးလိုက်ပါပြီ” လို့ ပြောပါတယ်။

ကိုရှိင်းထက်အောင်ဟာ စစ်တပ်အာဏာသိမ်းပြီး ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေမှာ ပါဝင်တဲ့အတွက်ကြောင့် စစ်ကောင်စီက ပုဒ်မ ၅၀၅ နဲ့ဖမ်းဝရမ်းထုတ်ခဲ့လို့ တခြားမြို့တွေမှာ ရှောင်ရှားနေသူဖြစ်ပြီး မြို့ကိုပြန်လာချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို မြို့ခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013