တောင်တရုတ်ပင်လယ်အရေးမှာ စည်းမကျော်ဖို့လိုကြောင်း၊ တရုတ်နိုင်ရဲ့ တမင်တကာလုပ်ရပ်တခုကြောင့် ဖိလစ်ပိုင်တယောက် သေဆုံးခဲ့ရင် “စစ်ဆင်တဲ့လုပ်ရပ်” လို့ သတ်မှတ်ပြီး တုံ့ပြန်မှာဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက သတိပေးလိုက်ပါတယ်။
မေ ၃၁ ရက်က ကမ္ဘာ့နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ကြတဲ့ စင်ကာပူက ရှန်ဂရီလာ ဒိုင်ယာလော့ဂ် ဆွေးနွေးပွဲမှာ မားကို့စ်က သတိပေးခဲ့တာပါ။
ပြီးခဲ့တဲ့လတွေထဲမှာ တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုကိစ္စ ဖိလစ်ပိုင်နဲ့ တရုတ်အကြား ဆက်ဆံရေးတင်းမာနေပါတယ်။
တရုတ်ကင်းလှည့်သင်္ဘောတွေက ဖိလစ်ပိုင်စက်လှေတွေနဲ့ ရိက္ခာထောက်ယာဉ်တွေကို ရေအမြောက်နဲ့ထိုးတာမျိုး တောက်လျှောက်လုပ်ခဲ့တဲ့အတွက် ဖိလစ်ပိုင်က အပြင်းအထန် ကန့်ကွက်ထားပါတယ်။
တရုတ်ကတော့ သူ့အချုပ်အခြာအာဏာ သူကာကွယ်တာလို့ ပြောထားပြီး ဖိလစ်ပိုင်က ကျူးကျော်ရန်စတာလို့ ပြန်စွပ်စွဲထားပါတယ်။
တရုတ်ပြည်မဟာ တောင်တရုတ်ပင်လယ်တခွင်လုံး သမိုင်းအစဉ်အလာအရ သူပိုင်တယ်လို့ ကြွေးကြော်ထားပါတယ်။
ဖိလစ်ပိုင်သာ တိုက်ခိုက်ခံရရင် ကာကွယ်ပေးရမယ်လို့ အမေရိကန်နဲ့ စာချုပ်ချုပ်ထားတာဖြစ်တဲ့ အတွက် တောင်တရုတ်ပင်လယ်အရေးကနေ တရုတ်နဲ့ အမေရိကန်ထိပ်တိုက်တိုးမှုဖြစ်လာမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။
မားကို့စ်မိန့်ခွန်းပြောအပြီးမှာ တရုတ်ရေအမြောက်နဲ့ပစ်လို့ ဖိလစ်ပိုင်စစ်သားတယောက်သာ သေဆုံးခဲ့ရင် စည်းကျော်ရာရောက်တယ်လို့ယူဆမလားဆိုတဲ့ မေးခွန်းကိုဖြေကြားခဲ့ပါတယ်။
တမင်လုပ်ရပ်ကြောင့် စစ်သည်မပြောနဲ့ ဖိလစ်ပိုင်အရပ်သားတယောက် သေတယ်ဆိုရင်တောင် ဒါကို စစ်ဆင်တဲ့လုပ်ရပ်လို့ သတ်မှတ်ပြီး သင့်လျော်သလိုတုံ့ပြန်မယ်လို့ မားကို့စ်က ပြောသွားပါတယ်။
ဖိလစ်ပိုင်နဲ့ စာချုပ်ချုပ်ထားတဲ့ မိတ်ဖက်တွေလည်း အလားတူစံသတ်မှတ်မှုမျိုးရှိမယ်လို့ ယုံကြည်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အရင်ထိပ်တိုက်တိုးမှုတွေမှာ ဖိလစ်ပိုင်တွေ ထိခိုက်ဒဏ်ရာရမှုရှိခဲ့ပေမဲ့ သေဆုံးမှုမရှိခဲ့ကြောင်း၊ တကယ်လို့ သေဆုံးတဲ့အဆင့်ထိရောက်ရင်တော့ စည်းကျော်သွားပြီလို့ သတ်မှတ်ရမှာ ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတက သတိပေးပါတယ်။
Source - Reuters