Home
မြန်မာသတင်း
၃ နှစ်ကျော် လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ ၁,၃၀၀ ခန့်သေဆုံး
DVB
·
June 1, 2024

၃ နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းက ပြည်သူ ၁၃၀၀ လောက် သေဆုံးခဲ့ပြီး သေဆုံးပြည်သူတွေထဲက ထက်ဝက်လောက်ဟာ  အနောက်မြောက်တိုင်း စစ်ဒေသဖြစ်တဲ့  ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့က ဒေသခံတွေဖြစ်ပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီအထိ တနိုင်ငံလုံးမှာ ပြည်သူ ၁၂၉၅ ယောက် သေဆုံးခဲ့ပြီး ပြည်သူ ၁၆၃၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။

၃ နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၄၇၁ ကြိမ်အထိ စစ်ကောင်စီက ပြုလုပ်ခဲ့တာကြောင့် နိုင်ငံတဝန်းမှာ ဘာသာရေးအဆောက်အအုံ ၁၈၇ ခု၊ စာသင်ကျောင်း ၁၁၄ ခုနဲ့ ဆေးရုံ ၃၉ ခု ပျက်စီးဆုံးရှုးခဲ့တာပါ။

မှတ်တမ်းတွေအရ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကို အဆိုးဆုံးခံခဲ့ရတဲ့ အနောက်မြောက်တိုင်း စစ်ဒေသ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့မကွေးတိုင်းတိုမှာ ၃ နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု စုစုပေါင်း ၈၂၄ ကြိမ်အထိရှိခဲ့ပါတယ်။

ချင်းပြည်နယ်မှာ ၁၈၅ ကြိမ်၊ မကွေးတိုင်းမှာ ၉၆ ကြိမ်နဲ့ စစ်ကိုင်းတိုင်းမှာ ၅၄၃ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းတွေဖြစ်ပြီး မြေပြင်အခြေအနေနဲ့ကွာဟချက်အနည်းငယ်ရှိနိုင်တယ်လို ဆိုပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ဝင်တယောက်ဖြစ်တဲ့ မိုးထက်နေက “စစ်တပ်ရဲ့ အလွန်အကျွံလုပ်မှုက မတူဘူးလို့ ပြောလို့ရတယ်ပေါ့။ ဥပမာ KNU နယ်မြေတို့ KNPP နယ်မြေတို့ အရင်ကတည်းက စစ်ရှိနေတဲ့နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေသုံးတာဟုတ်တယ်။ သတ်ဖြတ်မှုတွေလည်း တစုံတရာတော့ ရှိတယ်ပေါ့နော်။ ဒါပေမယ့် အညာဒေသလောက်တော့ မီးရှို့ဖျက်ဆီးခံရတာတို့၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာတို့၊ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တာတို အဲဒီ အခြေအနေတွေတော့ မတူဘူးပေါ့နော်။ ဒီဘက် အညာအပါအဝင် စစ်ဒေသအသစ်တွေကိုတော့ ပိုဖိတယ်လို့ ကျနော်တို့ သုတေသနအချက်အလက်အရ အဲဒီလို တွေ့ရပါတယ်။ လေယာဉ်မှူးတွေကိုလည်း ကျွန်တော်တို့ ပြောစရာ အများကြီးသိပ်မရှိပါဘူး။ သူတို့ ရပ်ခံချက်အရ သူတို့ ရပ်ခံကြတယ်။ ရက်ရက်စက်စက်လုပ်ကြတယ်ပေါ့ဗျာ။ ဒါပေမယ့် အဲဒီဟာတွေက လေထဲမှာတင် ပြီးသွားမယ့် ကိစ္စတွေမဟုတ်ပါဘူး။ ဒီဟာတွေရဲ့အရိပ်တွေ၊ ဒါတွေကို သူတို့ တလျှောက်လုံး တာဝန်ခံရမှာဖြစ်တယ်ပေါ့။ တချိန်ချိန်မှာ တရားစီရင်ရေးနဲ့ ရင်ဆိုင်ရတာမျိုးတွေပေါ့နော်။ သူတို့ လုပ်ခဲ့တဲ့အပြစ်တွေအပေါ်မှာ။ ဒါမျိုးတွေကိုတော့ အသင့်ပြင်ထားဖိုလိုတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီလအထိ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနောက်မြောက်တိုင်းစစ်ဒေသ (ချင်း၊ စစ်ကိုင်း၊ မကွေး)မှာ ပြည်သူ ၆၄၃ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၅၅၃ ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်ရေးအရှိန်မြင့်လာပြီး တိုက်ပွဲအချိန်ကြာလာတာနဲ့အမျှ စစ်ကောင်စီဘက်က တပ်သားအင်အား ချိနဲ့လာပြီး ၂၀၂၄ နှစ်ဆန်းပိုင်းကနေ လက်ရှိအချိန်အထိ အနောက်မြောက်တိုင်းစစ်ဒေသကိုထိန်းချုပ်ဖို့ လေကြောင်းပစ်ကူကိုပဲ စစ်ကောင်စီက အဓိက အားပြုလာတယ်လို မကွေးဒေသခံ နိုင်ငံရေးသမားတယောက်က ပြောပါတယ်။

“စကစက စစ်သားအင်အားအနည်းငယ်၊ ရဲအင်အားအနည်းငယ်နဲ့ ပျူစောထီးတွေကိုပဲ အဓိက အားထားပြီးတော့ပဲ မြေပြင်စစ်ကြောင်းထိုးရတဲ့အနေအထားမှာ လေကြောင်းပစ်ကူမပါဘဲနဲ့ သူတို့ ဘယ်လိုမှကို စစ်ကြောင်းထိုးလို့ မရတဲ့အနေအထားတွေကတော့ သိသိသာသာ ထူးထူးခြားခြား တွေ့မြင်နေရတဲ့အနေအထားလေးတွေပေါ့” လို့ ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီလအထိ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနောက်မြောက်တိုင်းစစ်ဒေသ (ချင်း၊ စစ်ကိုင်း၊ မကွေး)က ဘာသာရေးအဆောက်အအုံ ၇၁ ခု၊ စာသင်ကျောင်း ၄၆ ခုနဲ့ ဆေးရုံ ၁၉ ခု ပျက်စီးဆုံးရှုးခဲ့ပါတယ်။

စစ်ကိုင်းယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက “အရေးယူမယ့်အပိုင်းကတော့ ကျနော်တို့ ထုံးစံအတိုင်းပေါ့။ ညှိနှိုင်းရမယ်၊ ဆွေးနွေးရမယ်၊ ပြည်ထောင်စုအဆင့်တွေနဲ့လည်း တိုင်ပင် ဆွေးနွေးကြရဦးမှာ။ ဘယ်လိုပုံစံ အရေးယူမလဲဆိုတာကတော့ ကျနော်တို့မှာ သတ်မှတ်ထားတဲ့ မူဘောင်တော့မရှိပါဘူး၊ ဒါ ပွင့်ပွင့်လင်းလင်းဝန်ခံတာ။ အဲဒီတော့ ကျနော်တို့က ဆုံးရှုံး နစ်နာသွားတဲ့ ပြည်သူတွေကို ပြန်လည်ကုစားနိုင်ဖို့ တချိန်ကျရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်အလက်တွေရဖို့၊ နစ်နာမှုတွေမှတ်တမ်းကျန်ဖို့၊ ဒါတွေအားလုံးကိုတော့ ကျနော်တို့ စာရင်းကောက်ပြုစုထားတယ်ပေါ့။ ထို့အတူပဲ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနဲ့ကောက်ယူတဲ့အခါမှာလည်း ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ နီးနီးကပ်ကပ်ချိတ်ဆက်ဆောင်ရွက်ပေးနေတဲ့ ယူနစ်ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။ လွှတ်တော်အနေနဲ့ သီးခြားအစီအစဉ်နဲ့ကျနော်တို့ မလုပ်နိုင်သေးပါဘူး” လို့ ပြောပါတယ်။

နိုင်ငံရေးစစ်မျက်နှာဆိုတဲ့နေရာမှာ နိုင်ငံရေးချည်းပဲ ထိုင်လုပ်နေလိုမရဘဲ မြေပြင်မှာဖြစ်နေတဲ့ အခြေအနေတွေအားလုံးကို တာဝန်ခွဲဝေထမ်းဆောင်ရင်းနဲ့ပဲ လုပ်ငန်းတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက တာဝန်ထမ်းဆောင်တယ်လို့ မြင်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ ဒီဇင်ဘာအထိ ၃ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ ကျူးလွန်တာကြောင့် နိုင်ငံတဝန်းမှာ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်ပေါင်း ၂၁၀ အထိရှိခဲ့ပြီး ပြည်သူ ၂ ထောင်ကျော်သေဆုံးခဲ့တယ်လို့လည်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ မှတ်တမ်းတွေကဖော်ပြပါတယ်။

အဲဒီဖြစ်စဉ်တွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကိုင်းတိုင်းမှာဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ပေါင်း ၁၀၈ ကြိမ်အထိရှိခဲ့ကာ သေဆုံးသူ ၁၀၅၄ ယောက်အထိရှိခဲ့ပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာတွေဟာ တိုက်ပွဲဖြစ်ပွားနေတုန်းနဲ့ နယ်မြေရှင်းလင်းရေးပြုလုပ်ချိန်၊ လေကြောင်းတိုက်ခိုက်ခံရချိန်နဲ့ လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာတွေကြောင့်ဖြစ်တယ်လို့လည်း မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024