Home
နိုင်ငံတကာ
ယူကရိန်းတွင် အကျဉ်းသားများကို တပ်သားသစ်အဖြစ်  စုဆောင်း
DVB
·
June 1, 2024
Photo- REUTERS

ယူကရိန်းနိုင်ငံဟာ သူ့ရဲ့စစ်ဘက်ဆိုင်ရာ လူအင်အား ပြတ်လပ်မှုကို ဖြည့်ဆည်းဖို့ ရုရှားနဲ့ တိုက်ပွဲတွေမှာ ပါဝင်ဖို့ အကျဉ်းသားတွေကို စုဆောင်းရေးဘက် လှည့်လာခဲ့ပြီး အခုချိန်ထိ လျှောက်ထားသူ အကျဉ်းသား ၄၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ပြောပါတယ်။ 

အစိုးရက အကျဉ်းသားတွေကို ကမ်းလှမ်းထားတဲ့ သဘောတူညီချက်အရ စစ်ပွဲပြီးချိန်အထိ ခွင့်မယူဘဲ စစ်မှုထမ်းဖို့ သဘောတူခဲ့ရင် စစ်ပွဲပြီးဆုံးသွားချိန်မှာ ပြစ်ဒဏ်ကျခံရဖို့ ကာလ ကျန်ရှိနေသေးတဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသွားမှာ ဖြစ်ပါတယ်။

တရားရေးဝန်ကြီးဌာနရဲ့ အဆိုအရ အခုချိန်အထိ စစ်တပ်ထဲဝင်ဖို့ လျှောက်ထားသူ အကျဉ်းသား ၄,၅၆၄ ဦး ရှိကြောင်း သိရပါတယ်။ 

သူတို့ကို ဆေးစစ်ချက်အောင်မြင်ဖို့ လိုအပ်ပြီးတော့ တရားရုံးမှ သူတို့ရဲ့ လျှောက်လွှာကို အတည်ပြု ထားတဲ့အထဲမှာ ၁၇၀၀ ကျော်ဟာ ခွင့်ပြုချက်ရထားပြီ ဖြစ်ပါတယ်။

ရုရှားထက် အဆပေါင်းများစွာ လူဦးရေနည်းပါးတဲ့ ယူကရိန်းနိုင်ငံဟာ အထူးသဖြင့် ရန်သူတွေရဲ့ တိုက်ခိုက်မှုဒဏ်ကို ခံနေကြရပြီး ဆုံးရှုံးမှုများစွာ ကြုံတွေ့နေရတဲ့ ရှေ့တန်းနေရာတွေမှာ ခြေလျင်တပ်အတွက် တိုက်ပွဲဝင်နေတဲ့ စစ်သားအင်အား အလုံအလောက်ရဖို့ စုဆောင်း နေရပါတယ်။  တပ်ဖွဲ့တွေဟာ အရေအတွက်ထက် သာလွန်နေပြီး ပင်ပန်းနေကြပါပြီ။

ယူကရိန်းနိုင်ငံမှာ လူ ၂ ဦးနဲ့အထက် သတ်ဖြတ်ထားတဲ့ လူသတ်မှု၊ မူးယစ်သောက်စားမောင်းနှင်မှု ကြောင့် လူသေဆုံးရမှု၊ မုဒိမ်းမှု အပါအဝင် လိင်မှုဆိုင်ရာ ရာဇ၀တ်မှု၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကတော့ စစ်မှုထမ်းဖို့ အရည်အချင်း မပြည့်မီကြောင်း သတ်မှတ်ထားပါတယ်။ 

အကျဉ်းထောင်ကလည်း ဥပဒေ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ လျှောက်ထားသူတွေကိုသာ စေလွှတ်တာ သေချာကြောင်းနဲ့ သီတင်းတပတ်အတွင်း စစ်မှုထမ်း လျှောက်ထားကြတဲ့ ပြစ်ဒဏ်ကျ တွေရဲ့ အမှုတွေကို တနေ့ကို အမှု ၁၀ မှုကနေ ၂၀ မှုအကြား တရားသူကြီး ၃ ဦးက ကြားနာပြီး စီရင်ချက် ချပေးနေတာ ဖြစ်ပါတယ်။

ယူကရိန်းမှာ စစ်သည် တသိန်းကျော်ကို ခေါ်ယူဖို့ ရည်ရွယ်တဲ့ ဥပဒေသစ်တရပ်ကို လက်မှတ်ရေး ထိုးလိုက်ပြီဖြစ်ပြီး ပထမဆုံးအသုတ်မှာ ပါဝင်သူတွေဟာ ရှေ့တန်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်နိုင်ဖို့တော့ လပေါင်းများစွာ အချိန်ကြာဦးမှာပါ။ 

ဥပဒေသစ်အရ အကျဉ်းသား ၇၈၂ ဦးကို အကျဉ်းထောင်မှ လွတ်မြောက်သွားပြီး စစ်တပ်ကို လွှဲပြောင်း ပေးခဲ့ပြီးဖြစ်ပါတယ်။

ကျူးကျော်စစ် အစပိုင်းမှာ ရုရှားကြေးစားစစ်တပ်ခေါင်းဆောင် ဝဂ္ဂနာဟာ ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ ထောင်သောင်းချီတဲ့ အကျဉ်းသားတွေကို စုဆောင်းခဲ့ပြီး ရှေ့တန်းမှာ ခြောက်လလောက် အသက်ရှင်ခဲ့ရင် လွတ်ငြိမ်းချမ်းသာခွင့် အပြည့်ပေးမယ်လို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ သူ့ရဲ့ကိုယ်ပိုင် "Storm-Z" အဖွဲ့တွေလို့ လူသိများတဲ့ အကျဉ်းသားတပ်ဖွဲ့တွေကို အခုနှစ်မှာ ယူကရိန်းရှိ ရှေ့တန်းကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ 

Source-Reuters

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013