ကမ္ဘာ့အကြီးဆုံးနဲ့ အရှည်ကြာဆုံးရွေးကောက်ပွဲဖြစ်တဲ့ အိန္ဒိယရွေးကောက်ပွဲရဲ့ နောက်ဆုံးနဲ့ ၇ ပိုင်း မြောက် ရွေးကောက်ပွဲကို ဇွန် ၁ ရက်က ကျင်းပခဲ့ပါတယ်။
နောက်ဆုံးအသုတ်အနေနဲ့ ပြည်နယ်နဲ့ ပြည်ထောင်စုနယ်မြေ ၈ ခုမှာ အမတ်နေရာ ၅၇ နေရာကို ရွေးကောက်ရာမှာ ဝန်ကြီးချုပ်မိုဒီရဲ့ ဗာရာဏသီက အမတ်နေလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့အပတ်က မဲဆွယ်မှုတွေ အားလုံးအဆုံးသတ်လိုက်ရပြီဖြစ်ပေမဲ့ မိုဒီက ရွေးကောက်ပွဲကာလ ၂ ရက် တရားစခန်းဝင်ပြီး တဖက်လှည့်နဲ့ မဲဆွယ်တယ်လို့ ဝေဖန်ခံနေရပါတယ်။
အိန္ဒိယတောင်ဖျား၊ အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယ သမုဒ္ဒရာတို့ ဆုံတဲ့နေရာက ကျွန်းကလေးမှာ တရားသွားထိုင်တာဖြစ်ပါတယ်။
ဟိန္ဒူအတွေးအခေါ်ပညာရှင်ကြီး ဆွာမိဝိဝေကနန္ဒ အထိမ်းအမှတ်ကျွန်းမှာ မိုဒီ တရားထိုင်တာကို ရုပ်သံတွေက သတင်းအနေနဲ့ ထုတ်လွှင့်တာဟာ တဖက်လှည့်မဲဆွယ်တာပဲလို့ အတိုက်အခံတွေ က ဝေဖန်ထားပါတယ်။
ဇွန် ၄ ရက်မှာ နိုင်ငံတဝန်းက မဲဆန္ဒနယ် ၅၄၃ ခုစလုံးက မဲအားလုံးကို မဲရေတွက်တဲ့ရုံတွေမှာ သီးခြားစီ စတင်ရေတွက်မှာဖြစ်ပါတယ်။
ပထမဆုံး စာတိုက်မဲတွေ၊ ပြီးတဲ့အခါ စာရွက်မဲတွေရေပြီး နောက်ဆုံး မဲပေးစက်နဲ့ပေးတဲ့မဲတွေကို ရေမှာဖြစ်ပါတယ်။
ရေလို့ပြီးတာနဲ့ မဲဆန္ဒနယ်အလိုက် တန်းကြေညာမှာဖြစ်ပါတယ်။ မဲအများဆုံးရသူအနိုင် (FPTP) စနစ်ကို ကျင့်သုံးတာဖြစ်ပြီး အမတ် ၂၇၂ နေရာရတဲ့ ပါတီ ဒါမှမဟုတ် ညွန့်ပေါင်းက ဝန်ကြီးချုပ် တင်မြှောက်ပြီး အစိုးရဖွဲ့နိုင်မှာပါ။
ဒီရွေးကောက်ပွဲမှာလည်း လက်ရှိဝန်ကြီးချုပ် နာရိန္ဒြာမိုဒီရဲ့ ဘီဂျေပီ ပါတီပဲ အပြတ်အသတ် အနိုင်ရမယ်လို့ ခန့်မှန်းထားပါတယ်။
Source-Reuters
Photo-Reuters