Home
မြန်မာသတင်း
စစ်တပ် လက်နက်ကြီးကြောင့် ရေဦးနှင့် စဉ့်ကူးတွင် အဘွားအို အပါအဝင် ပြည်သူ ၂ ယောက် သေ
DVB
·
June 2, 2024
SinkKuBulletVictims_05062024
YayOo_02062024
SinkKu_02062024

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တို့မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အဘွားအို ၁ ယောက် အပါအဝင် ပြည်သူ ၂ ယောက် သေဆုံးပြီး ကလေး ၁ ယောက် ဒဏ်ရာရသွားပါတယ်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ ဇွန် ၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့​ အသက် ၇၀ ကျော်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၁၃ နှစ်အရွယ် ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ရွှေပြည်ရွာက ပျူစောထီးခေါင်းဆောင် ညွန့်ဝေ ရဲ့အိမ်မှာ တပ်စွဲနေတဲ့ စစ်သားတွေက အဲဒီရွာရဲ့ အရှေ့ဘက်ကရွာတွေဆီကို ၁၂၀ မမ လက်နက်ကြီးနဲ့ မနက်ပိုင်း ၂ ကြိမ်၊ ညနေပိုင်း ၂ ကြိမ်၊ တရက်တည်း ၄ ကြိမ် ပစ်တာ။ မြကန်သာနဲ့ မြသီတာရွာတွေထဲကို ၂ လုံးစီ ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၇၀ ကျော် ရွာခံ အမေအို ၁ ဦး သေဆုံးသွားတယ်။ ၁၃ နှစ်သား ကလေးငယ် ၁ ဦး ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ရွှေပြည်ကျေးရွာအုပ်စု၊ မြသီတာကျေးရွာက စာသင်ကျောင်းအနီး လက်နက်ကြီးကျည် ၁ လုံး ကျရောက်ပေါက်ကွဲလို့ စာသင်ကျောင်းအနည်းငယ်ပျက်စီးသွားပြီး နောက်တလုံးကတော့ ကျေးရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ သူက ဆက်လက်ပြောဆိုပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွှေပြည်ကျေးရွာက စစ်ကောင်စီတပ်သားတွေဟာ အနီးအနားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်နေတာ ဖြစ်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာခံတယောက်ကလည်း “မနက် ၁၀ နာရီလောက် စာသင်ကျောင်းနားကို ၁ လုံးကျလို့ စာသင်ကျောင်းလည်း အနည်းငယ်ပျက်စီးသွားတယ်။ နေ့လယ် ၁ နာရီလောက်ကတော့ ရွာထဲကျတာ။ ခုံပေါ်ထိုင်နေတဲ့ အသက် ၇၀ ကျော် ဒေါ်ငွေတင် ကတော့ ဗုံးစမှန်ပြီး နေရာမှာတင် ဆုံးသွားတယ်။ အသက် ၁၃ နှစ်သား ကလေးငယ်ကတော့ ခေါင်းကို ဗုံးစရှပ်မှန်လို့ ဒဏ်ရာရသွားပြီး ဆေးကုနေရတယ်” လို့ ​ပြောပါတယ်။

မြကန်သာကျေးရွာအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ၂ လုံး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းကို မေ ၃၁ ရက်နေ့ ည ၈ နာရီကျော်က လက်နက်ကြီးနဲ့ပစ်ခတ်လို  ပြည်သူတယောက် ကျည်ထိမှန် သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ပစ်တာက ရေဦးတိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတွေက ပစ်တာဗျ။ ပစ်တဲ့ လက်နက်ကြီးကလည်း ၁၂၀ မမနဲ့ ပစ်တယ်။ ဘာကြောင့် ပစ်တာလဲဆိုတော့ သူတို့ကတော့ ညပိုင်းရောက်ရင် မူးရူးပြီး အခုလို ရမ်းသန်းထုတာပဲ။  မနေ့ညကတော့ သူတို့ လက်နက်ကြီးနဲ့ပစ်လို့ နှောကုန်းရွာအနောက်ဘက်ကပ်ပြီး ကျပေါက်ကွဲတယ်။ အဲဒီ ပေါက်ကွဲတဲ့ ကျည်အပိုင်းအစက ဦးခေါင်းထိမှန်ပြီး အဘွားအိုတဦး သေဆုံးတယ်။ အမည်က ဒေါ်ကြည်စိန်ပါဗျ။ အသက်က ၇၀ လောက်ပါ” လို့ ပြောပါတယ်။

အရင်ကလည်း တိုက်ပွဲမဖြစ်ဘဲ ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ရေဦးမြို့နယ်နဲ့ ခင်ဦးမြို့နယ် ကျေးရွာတွေက ပြည်သူတွေ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦး ပအဖခေါင်းဆောင်က “လူ့စည်းကမ်း၊ လူ့ကျင့်ဝတ် နားမလည်တဲ့ ကောင်တွေလို့ပဲ ပြောရမယ်။ ဘာတိုက်ပွဲမှမရှိဘဲ အခုလို ညတိုင်း ပစ်ခတ်နေတာ။ ကြောက်တတ်ရင်လည်း ထဘီဝတ်သာ ဝတ်ထားလို့ ပြောရမယ်” လို့ ပြောပါတယ်။

ရေဦးမြို့နယ် နှောကုန်းရွာဟာ အိမ်ခြေ ၃၂၀ ရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - Wetlet Informational Network

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013