တရက်မှာ သူ့အိမ်ကိုသွားလည်ဖို့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေက ခေါ်ပါတယ်။ ဘယ်ကို သွားမလဲဆိုတော့ NLD ရဲ့ နာယကကြီး သူရဦးတင်ဦး အိမ်ကို သွားမလို့ဆိုတော့ ဘာမှမပြောတော့ဘဲ ကောက်ကာငင်ကာ လိုက်သွားခဲ့ပါတယ်။ အပြင်မှာ ခပ်လှမ်းလှမ်းကနေပဲ သူ့ကို မြင်ဖူးတာပါ။ အခုတော့ သူ့အိမ်သွားရမယ်ဆိုတော့ ဝမ်သာအားရနဲ့ပဲ လိုက်သွားဖြစ်ပါတယ်။
မိတ်ဆွေဖြစ်သူက မရောက်တာ ၁၀ နှစ်နီးပါး ရှိပြီးဖြစ်ပြီး လမ်းမတန်းက အိမ်အဝင် လမ်းသွယ်နာမည်မေ့နေလို့ လမ်းသွယ်တခုကို မှားဝင်သွားပါသေးတယ်။ လမ်းမှားပြီဆိုတာကို သိလိုက်ချိန် လမ်းနာမည်တခုကို ပြန်အမှတ်ရပြီး လမ်းသွယ်တခုကို ထပ်ဝင်လိုက်ပြန်ပါတယ်။ ဒီတခါတော့ ဆိုက်ဆိုက်မြိုက်မြိုက် သူရဦးတင်ဦးအိမ်ကို ရောက်သွားပါတယ်။
တိတ်ဆိတ်နေတဲ့ ခြံဝင်းကြီးတခုထဲကို နှစ်ယောက်သား ဝင်သွားလိုက်ပါတယ်။ သေချာအောင် ခြံစောင့်ကို မေးရပါသေးတယ်။ “ဒါ ဘဘကြီး ဦးတင်ဦး အိမ်လားဗျ” ဟုတ်ပါတယ်ဆိုမှ စိတ်တုံးတုံးချပြီး ခြံစည်းရိုးတံခါးဝကနေ အိမ်ဘက်ကို လှမ်းလာခဲ့ကြပါတယ်။
အိမ်ကြီးထဲမှာတော့ တိတ်ဆိတ်လို့နေပါတယ်။ အိမ်အောက်ထပ်မှာ ဘယ်သူမှမရှိတော့ နှစ်ယောက်သား တယောက်ယောက် ထွက်လာလေမလားဆိုပြီး ဧည့်ခန်းက ထိုင်ခုံတွေပေါ်မှာ ထိုင်စောင့်နေလိုက်ပါတယ်။ မိနစ်အနည်းငယ်အကြာမှာတော့ ဘာသံမှ မကြားရသလို ဧည့်ခန်းထဲကိုလည်း လူသူတယောက်တလေမျှ ဝင်မလာတဲ့အခါ အခုန ခြံစောင့်ကိုမေးဖို့ တခါ အိမ်ထဲကနေ အိမ်ပြင်ပြန်ထွက်ကြပါတယ်။ ခြံစောင့်က မူလတွေ့ခဲ့တဲ့နေရာမှာ မတွေ့ရတော့တဲ့အတွက် ခဏစောင့်ကြည့်ရပါသေးတယ်။
သူပြန်ရောက်လာတော့။ "အပေါ်ထပ်ကို တက်သွားလေဗျာ။ အဲ့ဒီမှာ သူ့ကိုလာတွေ့တဲ့ ဧည့်သည်တွေလည်းရှိတယ်”လို့ ဆိုတော့မှ ခပ်သုတ်သုတ်ကလေး အိမ်ထဲဝင်ပြီး အိမ်အပေါ်ထပ်ကို တက်သွားလိုက်ပါတယ်။ အပေါ်ထပ်ကိုရောက်တော့ အခန်းတခုရဲ့ တံခါးကို ဖွင့်ဖွင့်ခြင်း ခုတင်နှစ်လုံးကို တွေ့ရပါတယ်။ တဖက်က ကုတင်တလုံးက သူ့အမျိုးသမီးလို့ အတူလာခဲ့တဲ့ မိတ်ဆွေက ပြောပြပါတယ်။ တဖက်က ခုတင်မှာတော့ သူပေါ့။ သူ့ခုတင်ရှေ့တည့်တည့်မှာတော့ ဖလက် TV ရှိပါတယ်။ ကျနော်တို့ရောက်တဲ့အချိန်က TV ကလာတဲ့ ဘောက်ဆင်လက်ဝှေ့ပွဲကို သူကြည့်နေပုံရပါတယ်။ TV ဖန်သားပြင်ပေါ်က ဘောက်ဆင်ပွဲကတော့ အကြိတ်အနယ် ထိုးနေပါတယ်။ သူကတော့ ကုတင်ပေါ်က ပက်လက်အနေအထားနဲ့ လာသမျှ ဧည့်သည်တွေကို လက်ဆွဲနှုတ်ဆက်နေပါတယ်။
မိတ်ဆွေက ခုတင်နားကိုရောက်ရောက်ခြင်း သူဘယ်သူပါ။ ဘယ်သတင်းဌာနမှာ အလုပ်လုပ်နေပါတယ်လို့ အသံနည်းနည်းမြှင့်ပြီး လက်ဆွဲနှုတ်ဆက်ကာ တပြိုင်နက် မိတ်ဆက်ပါတယ်။
သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်ချိန် အတောအတွင်းမှာပဲ သူရဦးတင်ဦးက ကျနော့်ဘက်ကို နှစ်ကြိမ် သုံးကြိမ်ထက်မနည်း လှမ်းကြည့်ပါတယ်။ မျက်နှာစိမ်းကျနော့်အဖို့ ချက်ချင်းကြီး သူ့အနားတန်းသွားဖို့ ခပ်ရွံ့ရွံ့ပေါ့။ သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်လို့အပြီးမှာ ကျနော့်ကို လက်တဖက်နဲ့အားရဝမ်းသာ လက်ယပ်လှမ်းခေါ်ပါတယ်။ လက်တဖက်ကတော့ ဆေးလွှတ်ပြီးခါစ ဆေးပိုက်တန်းလန်းနဲ့ပါ။
သူ့အနားရောက်တော့ ကျနော်ကမ်းပေးတဲ့လက်ကို နှစ်နှစ်ကာကာ လက်ဆွဲနှုတ်ဆက်ပါတယ်။ ပါးစပ်မှာတော့ မပီမသ စကားလုံးတချို့ကို ပြောပါတယ်။ နားလည်ပုံရတဲ့ မိတ်ဆွေက "ဒါကျနော်တို့ရုံးက လုပ်ဖော်ကိုင်ဖက်ပါ"ဆိုပြီး သူ့ကို တုံ့ပြန် ပြောပြပါတယ်။
ဘဝမှာ အခုလို လက်ဆွဲနှုတ်ဆက်တဲ့အရသာကို တကြိမ်တခါမျှ မကြုံဖူးသေးပါဘူး။ အဲ့ဒီအချိန်က ရလိုက်တဲ့ အရာနှစ်ခုက နွေးထွေးမှုနဲ့ ရဲရင့်မှုပါ။ စကားတွေနဲ့မပြောပေမဲ့ ဒီမက်ဆေ့နှစ်ခုကို ရလိုက်သလိုပါပဲ။ နွေးထွေးခြင်း အဘိုးအိုတဦးက မြေးတဦးအပေါ် ထားတဲ့ နွေးထွေးခြင်း၊ ရဲရင့်မှုကတော့ လူငယ်ဆိုတာ ဘာမဆိုဖြစ်တယ်။ ဘယ်အရာမဆို ရဲရဲရင့်ရင့် လျှောက်လှမ်းဖြတ်သန်းရမယ်။ လူငယ်တွေလက်ထဲမှာ ဘာမဆို ရှိတယ်။ အဘိုးအိုတဦးက မြေးတဦးကို အမူအရာနဲ့ ပေးလိုက်တဲ့ အဲဒီအချိန်က လျှပ်တပြက်မြင်ကွင်းကို အခုချိန်ထိ အမှတ်ရနေဆဲပဲ ဖြစ်ပါတယ်။
သူနဲ့ပတ်သက်တဲ့ စာအုပ်တအုပ်အကြောင်း
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာတဲ့အချိန်အစက သမ္မတကြီးဦးထင်ကျော်ကို အမှတ်ရကြဦးမယ် ထင်ပါတယ်။ သူ့ကိုသမ္မတကြီးအရာတင်မြှောက်တော့ ဂုဏ်ပြုကြိုဆိုပွဲတွေ ပြုလုပ်ကြပါတယ်။ သမ္မတကြီးဦးထင်ကျော် ကျမ်းသစ္စာဆိုတဲ့နေ့က စာအုပ်တအုပ် လက်ထဲကိုင်ထားပါတယ်။ အဲဒီစာအုပ်ကို ဝယ်ယူစုဆောင်းထားဦးမယ်ဆိုပြီး ချက်ချင်း စိတ်ကူးရခဲ့ပါတယ်။ ကျမ်းသစ္စာဆိုတဲ့ သတင်းမှာ သူကိုင်ထားတဲ့ စာအုပ်ကို သတိထား မိလိုက်ပါတယ်။
အဲဒီအချိန်က TV သတင်းမှာ စာအုပ်နာမည်ကို သဲကွဲအောင် မမြင်ရပေမဲ့ သေချာမြင်လိုက်ရတဲ့ စာအုပ်မျက်နှာဖုံးပုံက သူရဦးတင်ဦးရဲ့ ပုံဖြစ်ပါတယ်။
ဇွန်လ ၁ ရက်မှာ DVB သတင်းဌာနက ဖော်ပြသွားတဲ့ ဆရာမောင်သာမညရဲ့ "စစ်သားတယောက်၏ ဘဝ၊တပ်မတော်တခု၏သမိုင်း" ဆိုတဲ့ဆောင်းပါးမှာ အဲ့ဒီစာအုပ်နဲ့ပက်သက်တာ အခုလို ဆို ထားပါတယ်။
"ပြီးခဲ့သည့် လေးငါးနှစ်အတွင်း စစ်ဗိုလ်ဟောင်းတို့၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်များ အလျှိုအလျှို ထွက်လာခဲ့သည်။ တချို့စာအုပ်တွေကတော့ စိတ်ဝင်စားစရာကောင်းသည်။ အများစုကတော့ စိတ်ပျက်စရာတွေ။ ဝါဒဖြန့်ချိရေးလိုလို၊ ဘုန်းတော်ဘွဲ့ လိုလို၊ ကိုယ်ရည်သွေးတာလိုလို။ ထိုကဲ့သို့ အငြင်းပွားစရာ စာအုပ်များကြားထဲမှ လုံးဝ အငြင်းပွားစရာမရှိသော၊ သမိုင်းအချက်အလက်များ ပါ၀င်သော စာအုပ်တအုပ် ထိုးဖောက်ထွက်လာသည်။
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းခဲ့သော၊ ဒီမိုကရေစီ ပြောင်းလဲရေးတွင် နိုင်ငံရေးသမားကြီးအဖြစ် ရှေ့တန်းက ပါ၀င်ခဲ့သော သူရဦးတင်ဦး၏ ဘဝအကြောင်း စာအုပ်။ စာအုပ်အမည်က “မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရ ဦးတင်ဦး ”
၁၉၄၄ ခုနှစ် ဂျပန်အုပ်ချုပ်ရေးခေတ်က ပုသိမ်မြို့ကို အင်္ဂလိပ်တို့ ဗုံးလာကြဲသည့်အချိန်တွင် စစ်ဘေးစစ်ဒဏ်ကို ကြောက်သဖြင့် ကိုရင်ဝတ်နေရာမှ စစ်တပ်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့သည့် ဖြစ်ရပ်နှင့် အစပြုထားပြီး၊ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းသည့်ဖြစ်ရပ်တွင် အဆုံးသတ်ထားသည်။"
အဲဒီစာအုပ်အကြောင်း ပြန်ဖတ်မိတော့ အရပ်သားအစိုးရ စတင်ချိန်က သမ္မတကြီးဦးထင်ကျော်လက်ထဲက စာအုပ်တအုပ်အကြောင်း ပြန်ပြောင်းသတိရမိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကကြီး သူရဦးတင်ဦးဟာ ရန်ကုန်ဆေးရုံကြီးမှာ ဇွန်လ ၁ ရက် ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်က ကွယ်လွန်သွားပြီးဖြစ်တယ်လို့ သတင်းတွေက အတည်ပြုပါတယ်။
သူရဦးတင်ဦးကို ၁၉၂၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ မွေးဖွားပြီး ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။
သူရဦးတင်ဦးဟာ အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုမှာ ထင်ရှားတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းတဦး ဖြစ်ပါတယ်။
မြန်မာ့တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းခဲ့ဖူးတာ၊မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးမှာ အသက်အရွယ်ကြီးရင့်ချိန်အထိ အားထုတ်ကြိုးပမ်းသူဖြစ်လို့ ပြည်သူလူထုရဲ့ လေးစားမှုကိုရရှိထားသူလည်း ဖြစ်ပါတယ်။
သူ ကွယ်လွန်ချိန်မှာတော့ ဇနီး ဒေါက်တာဒေါ်တင်မိုးဝေ ၊ သား ဦးသန့်ဇင်ဦးနဲ့ မြေး ၁ ဦး၊ မြစ် ၁ ဦးတို့ ကျန်ရစ်ခဲ့တဲ့အကြောင်း သိရပါတယ်။