ဧရာဝတီတိုင်းက ရွှေဆိုင်လုပ်ငန်းရှင်တွေကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့က ဇွန် ၁ ရက်နေ့မှာ ဆင့်ခေါ်ပြီး ရွှေကို သတ်မှတ်ဈေးနဲ့ရောင်းဖို့ ဖိအားပေးခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
စစ်ကောင်စီ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက ရွှေလုပ်ငန်းရှင်တွေကို ဆင့်ခေါ်ပြီး ရွှေအရောင်းအဝယ်လုပ်ရာမှာ ၁ ကျပ်သား ၃၈ သိန်းဈေး ထက်ပိုဈေးမရောင်းဖို့ ပြောခဲ့တာလို့ ဆိုပါတယ်။
ပုသိမ်မြို့က ရွှေဆိုင်လုပ်ငန်းရှင်တယော်ကက “သတ်မှတ်ဈေးအတိုင်း မရောင်းလို့ စစ်ဆေးရေးအဖွဲ့က စိစစ် စစ်ဆေးတွေ့ရှိတဲ့အခါ ဥပဒေနဲ့ အညီအရေးယူမယ်ပေါ့ ခေါ်ပြောတာ။ သူတို့သတ်မှတ်ပေးတဲ့ ဈေးက ၃၈ သိန်းတဲ့၊ အမြင့်ဈေးနဲ့ ဝယ်ထားတော့ ဘယ်လိုမှတွက်ခြေမကိုက်ဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းက မော်လမြိုင်ကျွန်း၊ ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ ဝါးခယ်မ၊ ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊ မြောင်းမြ၊ ပန်းတနော်၊ ကျုံပျော်၊ ငပုတော စတဲ့မြို့နယ်က ရွှေလုပ်ငန်းရှင်တွေနဲ့ ရွှေအရောင်းအဝယ် လုပ်သူတွေကို ဆင့်ခေါ်ပြောဆိုခဲ့တာလို့ သိပါတယ်။
မော်လမြိုင်ကျွန်းမြို့က ရွှေလုပ်ငန်းရှင်တယောက်က “ရွှေက ၃ နှစ်အတွင်း အကျဘက်မှာ မရှိခဲ့တော့ ကိုယ်ဝယ်ရတာလည်း အမြင့်ဈေးနဲ့ပဲ ဝယ်ခဲ့ရတာလေ။ အခုကျတော့ သတ်မှတ်ဈေးနဲ့ရောင်းဖို့ ပြောတာ။ သတ်မှတ်ဈေးအတိုင်း မရောင်းရင် ဥပဒေနဲ့ အရေးယူရလိမ့်မယ်တဲ့။ ခေါ် ခြိမ်းခြောက်တာ။ ရွှေလုပ်ငန်းလုပ်တာ ၁၆ နှစ်ထဲရောက်လာပြီ အခုလိုခေါ် ခြိမ်းခြောက်တာ တခါမှမကြုံခဲ့ရဘူး။ ရွှေဈေး တမျိုးတည်းတက်နေတာ မဟုတ်ဘူးလေ။ စစ်ကောင်စီ လက်ထက်မှာ အကုန်ဈေးတက်နေတာ” လို့ ပြောပါတယ်။
ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့တွေက ခေါ်ယူ စစ်ဆေးမေးမြန်းပြီး ရွှေဈေးချရောင်းဖို့ ပြောဆိုခဲ့တာကြောင့် ဇွန် ၁ ရက်က စတင်လို့ ရွှေဆိုင်တချို့ ယာယီအရောင်း ရပ်ထားတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က ဧရာဝတီတိုင်းမှာ ၁၆ ပဲရည် ရွှေ ၁ ကျပ်သားကို ၉၂၅,၀၀၀ ကျပ်ရှိခဲ့ရာကနေ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ၁ ကျပ်သားကို ၁,၀၄၅,၀၀၀ ကျပ်၊ ၂၀၂၂ ခုနှစ်မှာ ၁ ကျပ်သားကို ၂,၂၀၀,၀၀၀ ကျပ်၊ ၂၀၂၃ ခုနှစ်မှာ ၁ ကျပ်သားကို ၃,၆၅၀,၀၀၀ ကျပ်၊ ၂၀၂၄ ခုနှစ် လက်ရှိမှာ ရွှေဈေးကွက်သမိုင်းတလျှောက် အမြင့်ဆုံးဈေးအဖြစ် ၅၅ သိန်းကျော်အထိ စံချိန်တင်ဈေးဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။