Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ချောင်းကူးတံတား ၁ စင်း ရုတ်တရက်ပြိုကျ
DVB
·
September 17, 2025
Photo: CJ
Photo: CJ
Photo: CJ
Photo: CJ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ချောင်းကူးတံတားတစင်း လမ်းသားတခြမ်း စက်တင်ဘာ ၁၅ ရက် ညနေ ၄ နာရီခန့်က ရုတ်တရက် ပြိုကျပျက်စီးခဲ့လို့ လမ်းအသုံးပြုသူတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အဲဒီ ရုတ်တရက်ပြိုကျခဲ့တဲ့ တံတားဟာ ညောင်လွင့်ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ တံတားအမှတ် ၂/၁၃၅ ညောင်ခြေထောက်မြို့နဲ့ အိုးဘိုကုန်းကျေးရွာကြားမှာ တည်ရှိပြီး မိုင်တိုင်အမှတ် ၁၃၄/၆ နဲ့ ၁၃၄/၇ ကြား တံတားရဲ့ ဘယ်အခြမ်း ပြိုကျပျက်စီးခဲ့တာလို့ သိရပါတယ်။

ဒေသခံ ကားသမားတယောက်က “တံတားအပေါ်ကနေ ကားတစီး ဖြတ်နေတဲ့အချိန် ပြိုကျတာ။ ကားကတော့ လွတ်သွားတယ်။ ရုတ်တရက်ကြီး ပြိုကျတာ။ ကံကောင်းတယ်ပြောရမှာ။ ကြံ့ခိုင်မှုအားနည်းတာကြောင့် ဖြစ်တယ် ယူဆတယ်” လို့ ပြောပါတယ်။

တံတားဟာ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်နဲ့ ရန်ကုန်-မန္တလေး လမ်းဟောင်းကို အသုံးပြုပြီး ကုန်စည်သယ်ယူရေးအတွက် အဓိကအသုံးပြုနေရတဲ့ ချောင်းကူးတံတားတစင်းဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်အထိ သက်ဆိုင်ရာက ပြုပြင်တာတွေ မလုပ်သေးတာကြောင့် မော်တော်ယာဉ်တွေဟာ လမ်းတခြမ်းတည်းသာ ခက်ခက်ခဲခဲ ဖြတ်သန်းမောင်းနှင်နေရတယ်လို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “အခု ကားလမ်းက တဖက်တည်း အသုံးပြုနေရတော့ ယာဉ်ကြောကျပ်နေတာပေါ့။ အန္တရာယ်လည်း အရမ်းများတယ်။ လမ်းအခြေအနေမသိဘဲ အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ ယာဉ်တွေဆို မလွယ်ပါဘူး။ သတိထား အသုံးပြုမောင်းကြဖို့ ပြောချင်တာ” လို့ ပြောပါတယ်။

အဲဒီလမ်းပိုင်းမှာ တံတားပြိုကျနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အန္တရာယ်ရှိတာကြောင့် ဒေသခံ ပရဟိတအသင်းအဖွဲ့တွေ အန္တရာယ်မဖြစ်ဖို့ ယာဉ်ကြောရှင်းလင်းရေးတွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013