Home
မြန်မာသတင်း
မိုးညှင်းတွင် စစ်တပ်နှင့် ရှမ်းနီပြည်သူ့စစ်က ချောင်းကူးတံတားလမ်းကို ဖျက်ဆီး
DVB
·
February 27, 2024
road 2722024

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်တပ်က ဖြတ်သန်းသွားလာခွင့် မရအောင် နန့်ရင်းချောင်းကူးတံတားလမ်းကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံထံက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့က စစ်ကြောင်းထိုးလာပြီး ဖေဖော်ဝါရီ  ၂၅ ရက် ညနေပိုင်းက နန့်ရင်းချောင်းကူးတံတား သွားလမ်းကို  ဘူဒိုဇာ ဘက်ဟိုးတွေနဲ့ ကော်တူးကာ ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ ပြည်သူတဦးက “စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့က အင်အား ၁၀၀ လောက်ရှိတယ်၊ နန့်ရင်းကို စစ်ကြောင်းထိုးလာတာ။ နန့်ရင်း အရှေ့ဘက်က ဟိုပင် နန့်ရင်း သွားလို့ရတဲ့ တံတား  အတက်အဆင်းလမ်းကို ဘူဒိုဇာတွေ ဘက်ဟိုးတွေနဲ့ တူးပြီး ဖြတ်သန်းသွားလာလို့ မရအောင် လုပ်သွားတာ” လို့ ပြောပါတယ်။

နန့်ရင်းချောင်းကူးတံတား အဆင်းအတက်လမ်းကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပြည်သူ့စစ်တပ် (SNA) ပူးပေါင်းတပ်ဖွဲ့က ဘက်ဟိုး ဘူဒိုဇာတွေနဲ့ အနက် ၈ ပေခန့်ရှိ တွင်းတွေ တူးဖော် ဖျက်ဆီးခဲ့တဲ့အတွက်  ကားနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာလို့ မရတော့ပါဘူး။

စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပြည်သူ့စစ် (SNA) တပ်တို့ စစ်ကြောင်းထိုးလာစဉ် မနက်ပိုင်းကလည်း နန့်ရင်းကျေးရွာ အရှေ့ဘက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတချို့နဲ့ တောင်သူတချို့ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024