စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်မခံဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့မှာ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ရွေးကောက်ပွဲလမ်းကြောင်းလိုက်ဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ် ကမ်းလှမ်းခဲ့တဲ့အပေါ် လက်မခံဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ပဒိုစောတောနီးက ပြောပါတယ်။
“သူ (မင်းအောင်လှိုင်) ပြောတာက အပေါ်ယံအနေနဲ့ကတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ် ဆိုတာကတော့ သူ ပြောမှ မဟုတ်ဘူး။ သာမန်လူတွေလည်း သိနေတဲ့ ကိစ္စပဲ။ ဒါပေမဲ့ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့တော့ သင့်တယ်လေ။ အဲဒါကြောင့်မို့လို့ ဒီလို စားပွဲဝိုင်းနဲ့ ဖြေရှင်းရမယ် စကားပြောနဲ့ ဖြေရှင်းရမယ်ဆိုတာ ကျနော်တို့ လုပ်ခဲ့ပြီးပြီ။ ဒါပေမဲ့ စစ်တပ်ဟာ ဘယ်တော့မှလည်း ကတိမတည်ခဲ့ဘူး။ ဘယ်တော့မှလည်း သူတို့ရဲ့အချိုးတွေကို မပြောင်းဘူး။ ဆိုလိုတာက စစ်တပ်ရဲ့ စဉ်းစားပုံ စဉ်းစားနည်းတွေကအစ အကုန်လုံးက သူများတွေအပေါ်မှာ ဗိုလ်ကျစိုးမိုးနိုင်ရေးပဲ ဆိုတဲ့ဟာတွေနဲ့ပဲ လာနေတဲ့အခါကျတော့ ဘယ်လိုမှ အလုပ်မဖြစ်ဘူး”
အာဏာသိမ်းစစ်ကောင်စီရဲ့ ပါတီစုံရွေးကောက်ပွဲလုပ်ရေးလုပ်ဖို့ ကြိုးပမ်းတာ၊ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းတာတွေဟာ နွေဦးတော်လှန်ရေးအဖွဲ့တွေကို ဖြိုခွဲဖို့ ကြိုးစားတဲ့ လုပ်ရပ်ပဲ ဖြစ်တယ်လို့လည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
“ကျနော် ထင်တယ်။ သူ (မင်းအောင်လှိုင်) က တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲဖို့ ကြိုးစားနေတာ ဖြစ်တယ်။ နောက်တခုက ရွေးကောက်ပွဲထွက်ပေါက်ကနေ နိုင်ငံရေးအရ အေးအေးဆေးဆေး ထွက်သွားဖို့ စစ်တပ်က ကြိုးစားနေတာ ဖြစ်တယ်။ အဓိက ကတော့ ကျိန်းသေတယ်၊ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲဖို့ ကြိုးစားတာဖြစ်တယ်လို့ ကျနော် အဲဒီလိုပဲ နားလည်ပါတယ်။”
CDM ဝန်ထမ်းတွေ၊ နွေဦးတော်လှန်ရေး လှုပ်ရှားသူတွေကလည်း စစ်တပ်ရဲ့ ဆွေးနွေးရေး ဖိတ်ခေါ်မှုကို အယုံအကြည်မရှိကြောင်း ဆိုကြပါတယ်။
အလားတူ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း စစ်အာဏာရှင်က ဖိတ်ခေါ်ကမ်းလှမ်းတာကို လက်မခံကြောင်း ပြောပါတယ်။