
ရုရှားစစ်တပ်ထဲ စုဆောင်းခံလိုက်ရတဲ့ ကင်ညာနိုင်ငံသားတွေရဲ့ မိသားစုဝင်တွေဟာ မတ် ၅ ရက်က မြို့တော် နိုင်ရိုဘီရှိ လွှတ်တော်အဆောက်အအုံရှေ့ကို စုရုံးချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ယူကရိန်းစစ်ပွဲမှာ အာဖရိကလူမျိုး ၁,၇၀၀ ကျော်ဟာ ရုရှားအတွက် တိုက်ပွဲဝင်နေကြတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီးဆစ်ဘီဟာက ဖေဖော်ဝါရီလတုန်းက ပြောကြားခဲ့ပြီး မော်စကိုဟာ သူတို့ကို လှည့်ဖြားခေါ်ယူခဲ့တာဖြစ်ပြီး စစ်တိုက်ခိုင်းခဲ့တာလို့လည်း ပြောပါတယ်။
ကင်ညာအမျိုးသားထောက်လှမ်းရေးဌာန (NIS) က ဖေဖော်ဝါရီ အစီရင်ခံစာတခုထဲမှာ လူသစ်ခေါ်ယူရေး အေဂျင်စီတွေဟာ အကျင့်ပျက် လေဆိပ်ဝန်ထမ်းတွေ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ၊ ပြီးတော့ နိုင်ရိုဘီက ရုရှားသံရုံးနဲ့ မော်စကိုက ကင်ညာသံရုံး ဝန်ထမ်းအချို့နဲ့ ပူးပေါင်းပြီး ကင်ညာနိုင်ငံသား ၁,၀၀၀ ကျော်ကို စစ်တိုက်ဖို့ ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရုရှားသံရုံးကတော့ သူတို့ဟာ နိုင်ငံခြားသားတွေကို သူတို့ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ဆန္ဒအလျောက် ပါဝင်နိုင်ကြောင်း ပြောကြားခဲ့တယ်ဆိုပေမဲ့ တရားမဝင် လူစုဆောင်းတာမျိုး မလုပ်ထားဘူးလို့ ငြင်းဆိုထားပါတယ်။
တက်ကြွလှုပ်ရှားသူတွေရဲ့ အဆိုအရ စစ်ပွဲအတွင်း ရောက်ရှိသွားသူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သေဆုံးသွားပြီလို့ ယူဆရတာကြောင့် သူတို့ရဲ့အခြေအနေကို အစိုးရက စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။
အခုဖြစ်စဉ်မှာ လူကုန်ကူးမှု၊ အတင်းအကျပ် စစ်သားစုဆောင်းမှုနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနဲ့ အလုပ်သမားဥပဒေတွေကို ချိုးဖောက်မှုတွေပါဝင်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
Source: Reuters


