
ရုရှားနိုင်ငံအနေနဲ့ အီရန်နိုင်ငံဆီက လက်နက်ထောက်ပံ့ပေးဖို့ ဘာတောင်းဆိုမှုမျိုးမှ မရှိဘူးလို့ ကရင်မလင်နန်းတော်က မတ် ၅ ရက်မှာ ပြောပါတယ်။
ရုရှားဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး အီရန်နဲ့ အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းထားပါတယ်။
ရုရှားဟာ မကြာသေးခင်နှစ်တွေအတွင်းမှာ အီရန်နဲ့ဆက်ဆံရေး ရင်းနှီးလာခဲ့တာ ဖြစ်ပါတယ်။ အီရန်ဟာ ပြီးခဲ့တဲ့နှစ်က ရုရှားနဲ့ နှစ် ၂၀ ကြာ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပါတယ်။
ဒါ့အပြင် ရုရှားဟာ အီရန်ရဲ့ တခုတည်းသော နျူကလီးယားစက်ရုံရှိရာ ဘူရှာဟာမှာ နျူကလီးယားစက်ရုံ ယူနစ်အသစ် ၂ ခုကို တည်ဆောက်ပေးနေသလို အီရန်ကလည်း ယူကရိန်းစစ်ပွဲမှာသုံးဖို့ ရှာဟဒ်ဒရုန်းတွေကို ရုရှားဆီ ထောက်ပံ့ပေးထားပါတယ်။
ရုရှားအနေနဲ့ အီရန်ကို လက်နက်တွေ အပါအဝင် တခြားပစ္စည်းတွေ ကူညီပေးဖို့ အစီအစဉ်ရှိလားလို့ သတင်းထောက်တယောက်က မေးမြန်းကြည့်ရာမှာ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က “ဒီကိစ္စနဲ့ ပတ်သက်ရင် အီရန်ဘက်က ဘာတောင်းဆိုချက်မှ မရှိသေးပါဘူး။ ကျနော်တို့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကိုလည်း လူတိုင်း သိကြပြီးသားဖြစ်သလို အဲဒီအပေါ်မှာ ပြောင်းလဲသွားတာမျိုးလည်း ဘာမှမရှိပါဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။
Source: Reuters


