
မြောက်ပင်လယ်ထဲမှာ ရုရှားရဲ့ အရိပ်သင်္ဘောအုပ်စုနဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲခံရတဲ့ ရေနံတင်သင်္ဘောတစင်းကို ဖေဖော်ဝါရီ ၂၈ ရက် ညနှောင်းပိုင်းက ဖမ်းဆီးရာမှာ ပြင်သစ် စစ်ရဟတ်ယာဉ်တွေဟာ ဘယ်လ်ဂျီယံတပ်ဖွဲ့တွေကို ကူညီခဲ့တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းက မတ် ၁ ရက်မှာ ပြောပါတယ်။
ပြင်သစ်သမ္မတက လူမှုမီဒီယာပလက်ဖောင်း X မှာ ဒီစစ်ဆင်ရေးကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အရိပ်ရေယာဉ်စုအတွက် အဓိကထိုးနှက်ချက်တခုလို့ ပြောပါတယ်။
ဥရောပသားတွေဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့ စစ်ပွဲအတွက် ရန်ပုံငွေရင်းမြစ်တွေကို ဖြတ်တောက်ဖို့ ပိတ်ဆို့အရေးယူမှုတွေ ပြဋ္ဌာန်းဖို့ ဆုံးဖြတ်ထားတယ်လို့ ဘယ်လ်ဂျီယံ ကာကွယ်ရေးဝန်ကြီးဌာနက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အီသရာ သင်္ဘောဟာ အလံတုနဲ့ ခုတ်မောင်း လည်ပတ်နေပြီး စာရွက်စာတမ်းအတုတွေကို သုံးနေတယ်လို့ သံသယရှိကြောင်း ပြောခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ အီသရာ အမည်ရှိတဲ့ သင်္ဘောဟာ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုစာရင်းထဲမှာ ပါဝင်ပြီး ယူကရိန်းမှာ စစ်ရေးလှုပ်ရှားမှုတွေအတွင်း ရုရှားအစိုးရအတွက် ဝင်ငွေရှာပေးနေတာနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားနေတယ်လို့ ဘယ်လ်ဂျီယံ အရာရှိတယောက်က ပြောပါတယ်။
အရိပ်ရေယာဉ်စုသင်္ဘောတွေမှာ ပိုင်ဆိုင်မှုဖွဲ့စည်းပုံတွေ ထင်ရှားလေ့ရှိပြီး စည်းမျဉ်းစည်းကမ်း ညံ့ဖျင်းခြင်း၊ အိုမင်းနေတဲ့ ရေနံတင်သင်္ဘောတွေကနေ ယိုစိမ့်မှု၊ စက်ပိုင်းဆိုင်ရာချို့ယွင်းမှု၊ ယိုစိမ့်မှုတွေကြောင့် ရေကြောင်းဂေဟစနစ်ကို ခြိမ်းခြောက်နေလို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ပြင်သစ်လက်နက်ကိုင်တပ်ဖွဲ့တွေက ကြေညာချက်တစောင်မှာ ရေကြောင်းလုံခြုံရေးကို သေချာစေဖို့ ကတိကဝတ်ကို အလေးပေး ဖော်ပြခဲ့ပါတယ်။
ဘယ်လ်ဂျီယံတပ်ဖွဲ့တွေအတွက် ပြင်သစ်လေကြောင်းထောက်ပံ့မှုဟာ ကုလသမဂ္ဂ ပင်လယ်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS) အောက်မှာ သတ်မှတ်ထားတဲ့အတိုင်း နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီတယ်လို့ အလေးပေး ပြောထားပါတယ်။
ရုရှားက သူ့သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေကို ဖမ်းတာ ပင်လယ်ဓားပြလုပ်ရပ်လို့ ခေါ်ဆိုခဲ့ပါတယ်။
Source: Reuters


