Home
မြန်မာသတင်း
မြန်မာ့ပထမဆုံး အာကာသယာဉ်မှူးကို ရုရှားက ရွေးချယ် လေ့ကျင့်ပေးမည် 
DVB
·
February 27, 2026
Photo: Roscosmos

ရုရှားက မြန်မာနိုင်ငံရဲ့ ပထမဆုံး အာကာသယာဉ်မှူးကို ရွေးချယ်ပြီး လေ့ကျင့်သင်ကြားပေးသွားမယ်လို့ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (Roscosmos) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Roscosmos ရဲ့ အထွေထွေညွှန်ကြားရေးမှူးချုပ် မစ္စတာ ဒမစ်ထရီဗာကာနော်ဗ့်ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း ရုရှားဘက်က အခုလို ထုတ်ပြန်ခဲ့တာပါ။

ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို မြန်မာအာကာသအေဂျင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံစဉ်မှာ ၂ နိုင်ငံအနေနဲ့ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Roscosmos ဘက်ကတော့ မြန်မာနိုင်ငံမှာ ရုရှားက အသုံးပြုနေတဲ့ ဂြိုဟ်တုအခြေပြု လမ်းညွှန်စနစ်ဖြစ်တဲ့ GLONASS စနစ်အတွက် တိုင်းတာမှုတွေပြုလုပ်ပြီး အချက်အလက်တွေကို စုဆောင်းပေးမဲ့ စခန်းတခု တည်ဆောက်ရေး သဘောတူညီချက် ရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီ GLONASS စနစ်ဟာ အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြ ဂြိုဟ်တုစနစ်ဖြစ်တဲ့ GPS စနစ်နဲ့ ဆင်တူပါတယ်။

ဒါ့အပြင် မြန်မာမှာ အာကာသထဲက အရာဝတ္ထုတွေကို စောင့်ကြည့်ခြေရာခံမဲ့ စခန်းတခုကိုလည်း တည်ဆောက်ဖို့ နှစ်နိုင်ငံ သဘောတူညီချက် ရခဲ့တယ်လို့ ဆိုပါတယ်။

ဒီစခန်းကနေ ကမ္ဘာနဲ့အနီးစပ်ဆုံး အာကာသဟင်းလင်းပြင်ထဲက လူလုပ် ဂြိုဟ်တုတွေ အပါအဝင် အရာဝတ္ထုတွေကြောင့် အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေကို အလိုအလျောက် သတိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒီစခန်းအတွက် နေရာကို မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ်ဝင်းအတွင်း တည်ဆောက်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။

မြန်မာစစ်ခေါင်းဆောင်အနေနဲ့ ကျောင်းသားတွေတီထွင်ထားတဲ့ အသေးစားဂြိုဟ်တု (Nanosatellites) တွေကို လွှတ်တင်မဲ့ စီမံကိန်းကိုလည်း စိတ်ဝင်စားနေတယ်လို့ Roscosmos ဘက်က ပြောပါတယ်။ 

ဒါ့အပြင် မြန်မာအာကာသအေဂျင်စီနဲ့ Roscosmos တို့ တွေ့ဆုံချိန်မှာတော့ လူလိုက်ပါနိုင်တဲ့ အာကာသခရီးစဉ်တွေအတွက် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

Roscosmos အကြီးအကဲ ဒမစ်ထရီဗာကာနော်ဗ့်ကတော့ “ရုရှားနဲ့ မြန်မာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးမှာ နောက်ထပ် အရေးပါတဲ့ ခြေလှမ်းသစ်တခု တက်လှမ်းနိုင်ခဲ့ပြီ” လို့ ဆိုပါတယ်။

ဒီခရီးစဉ်အတွင်းမှာ မကြာသေးမီက ဖွင့်လှစ်ခဲ့တဲ့ အာကာသပြတိုက်ကိုလည်း သွားရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရုရှားနဲ့ မြန်မာစစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်ကလည်း အာကာသ စူးစမ်းလေ့လာရေးအတွက် ပူးပေါင်းဆောင်ရွက်မဲ့ သဘောတူညီချက်တခုကို စစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတ ပူတင်တို့ မော်စကိုမှာ တွေ့ဆုံချိန် လက်မှတ်ထိုးခဲ့ကြပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013