
ရုရှား-ယူကရိန်း စစ်ပွဲအတွင်းမှာ ရုရှားတပ်ဖွဲ့အတွက် တိုက်ပွဲဝင်နေတဲ့ အာဖရိကနိုင်ငံသား ၁,၇၈၀ ကျော် ရှိနေတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီး ဆီဘီဟာက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းရဲ့ အချက်အလက်တွေအရ အာဖရိကတိုက်ရဲ့ နိုင်ငံပေါင်း ၃၆ နိုင်ငံက နိုင်ငံသား စုစုပေါင်း ၁,၇၈၀ ဟာ ရုရှားစစ်တပ်ထဲမှာ ကြေးစားစစ်သားတွေအဖြစ် ရောက်ရှိနေတာလို့ ယူကရိန်းဝန်ကြီး ဆီဘီဟာက ပြောဆိုပါတယ်။
တချို့လူငယ်တွေ သေဆုံးကုန်ပြီး တချို့လည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
“ရုရှားဟာ အာဖရိကနိုင်ငံသားတွေကို သေစေနိုင်တဲ့ စစ်ပွဲထဲ ဆွဲထည့်ဖို့ ကြိုးစားနေတယ်” လို့လည်း ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကိယက်ဗ်ကို ရောက်ရှိနေတဲ့ ဂါနာနိုင်ငံခြားရေးဝန်ကြီး ဆယ်မြူယယ် အိုကွဒ်ဇီတို အဘ်လာကွာ ကလည်း ဂါနာနိုင်ငံသား ၂ ယောက်ဟာ ယူကရိန်းမှာ စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းခံထားရကြောင်း အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ ဂါနာနိုင်ငံအတွင်း လူမှုအသိပညာပေးထားတဲ့အတွက် လိမ်လည်ခေါ်ယူခံရမှုက လူအများကြီးကိုတော့ မပြန့်ပွားသေးဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ လစာကောင်းတဲ့ အလုပ်အကိုင်အဖြစ် မက်လုံးတွေနဲ့ လိမ်လည်ခေါ်ဆောင်ခံရပြီး စစ်မျက်နှာပြင်ကို ပို့ဆောင်ခံရတဲ့ ဖြစ်ရပ်တွေ တိုးများလာနေတာကြောင့် မော်စကိုနဲ့ အာဖရိကနိုင်ငံတချို့အကြား တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။
တဖက်မှာတော့ တောင်အာဖရိက,ကနေ လိမ်လည်ခေါ်ယူခံရပြီး ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသထဲ ပိတ်မိနေခဲ့တဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ လူ ၁၁ ယောက်ဟာ ဘုရင် ရှာကာ နိုင်ငံတကာလေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့တာကို အစိုးရက အတည်ပြုထားပါတယ်။
သူတို့ဟာ လုံခြုံရေးအလုပ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုရှားကို သွားရောက်ခဲ့ကြတာဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်ခံခဲ့ရတာပါ။
တောင်အာဖရိကအစိုးရရဲ့ ထုတ်ပြန်ချက်အရ စုစုပေါင်း ၁၇ ယောက် လိမ်လည်ခံခဲ့ရပြီး အခုနောက်ဆုံး ပြန်ရောက်လာသူ ၁၁ ယောက် အပါအဝင် စုစုပေါင်း ၁၅ ယောက် နေရပ်ပြန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ၂ ယောက်သာ ရုရှားနိုင်ငံမှာ ကျန်ရှိနေသေးပြီး တယောက်က မော်စကိုရှိ ဆေးရုံတရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ရုရှားအာဏာပိုင်တွေက တရားမဝင် လူသစ်စုဆောင်းမှုကို ငြင်းဆိုထားပေမဲ့ ဂါနာနဲ့ တောင်အာဖရိက အစိုးရတွေကတော့ ဒါဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှုဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
အခုလာမဲ့နှစ်မှာ အာဖရိကသမဂ္ဂ (AU) ရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမဲ့ ဂါနာနိုင်ငံကတော့ အာဖရိကသားတွေ ဒီလိုကျော့ကွင်းထဲ မသက်ဆင်းရအောင် အသိပညာပေးမှုတွေကို တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
တောင်အာဖရိကသမ္မတ စီရီးလ် ရာမာဖိုဆာကလည်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးပြီး နိုင်ငံသားတွေကို ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာစေဖို့ အာမခံချက် ရရှိခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
Source: Reuters


