
တတိယကမ္ဘာစစ်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စတင်ခဲ့ပြီးဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက BBC သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။
ပူတင်ကို ရပ်တန့်ဖို့အတွက် တခုတည်းသောအဖြေက ပြင်းထန်တဲ့ စစ်ရေးနဲ့ စီးပွားရေး ဖိအားတွေပဲလို့ ဇလန်းစကီးက ဆိုပါတယ်။
အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းပိုင်နက်တွေကို ရုရှားထံ ပေးအပ်ဖို့ တောင်းဆိုချက်ကိုလည်း လုံးဝလက်ခံမှာ မဟုတ်ကြောင်းနဲ့ မြေပြင်ကို စွန့်လွှတ်လိုက်တာဟာ ပြည်သူတွေကို စွန့်ပစ်လိုက်တာနဲ့ အတူတူပဲလို့ ဇလန်းစကီးက ပြောပါတယ်။
“ပူတင်အနေနဲ့ အခုအချိန်မှာ နားချင်နေတာဖြစ်ပြီး အခုလို ပေးလိုက်ရင်တောင် နှစ်အနည်းငယ်အတွင်း အင်အားပြန်ဖြည့်ပြီး စစ်ကို ဆက်တိုက်ဖို့ရှိတယ်။”
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဘက်က အလျှော့ပေးဖို့ ဖိအားပေးနေပေမဲ့ ယူကရိန်းဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်လို့ ရှုံးနိမ့်မှာ မဟုတ်ဘူးလို့ သူက တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်ရဲ့ လုံခြုံရေးအာမခံချက်တွေ ခိုင်မာဖို့အတွက်လည်း ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်တယ်လို့ သူက ရှင်းပြပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ လုံခြုံရေးအာမခံချက်တွေ အရင်လိုအပ်ပြီး ပြည်သူတွေ လက်ခံနိုင်မဲ့ တရားဝင်ရွေးကောက်ပွဲမျိုး ဖြစ်ဖို့လိုတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ကိုယ်တိုင်ထုတ်လုပ်ခွင့်ရဖို့ မဟာမိတ်တွေကို တောင်းဆိုထားပါတယ်။
ပူတင်ကို တားဆီးနိုင်ခြင်းဟာ တကမ္ဘာလုံးအတွက် အောင်ပွဲဖြစ်လို့ အဲဒီလိုတားဆီးနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသွားမယ်လို့ အခိုင်အမာ ပြောကြားသွားပါတယ်။
Source: Reuters


